နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းသည် လက်နက်ချခြင်းထက် ပိုမိုဆိုးဝါးဟု SSA ပြော

နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းသည် လက်နက်ချခြင်းထက် ပိုမိုဆိုးဝါးဟု SSA ပြော
by -
နှောင်းလှိုင်
မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များသည် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့် အဖွဲ့များသည် လက်နက်ချရသည်ထက် ပိုမိုဆိုးဝါးနိုင်သည် ...

မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များသည် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့် အဖွဲ့များသည် လက်နက်ချရသည်ထက် ပိုမိုဆိုးဝါးနိုင်သည်ဟု SSA အဖွဲ့မှ ပြောသည်။

“သူတို့ နှစ် ၂၀ ကျော်ပေါ့နော် သူတို့နိုင်ငံရေးအတွက် အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးခဲ့တာလည်း သူတို့ မအောင်မြင်ခဲ့ဘူး။ အဲဒီအပြင် ဘာလို့ လက်နက်ချတာနဲ့ ပိုပြီးဆိုးလဲဆိုရင် လက်နက်ချရင် လက်နက်ပဲ ရှုံးတယ် လူမရှုံးဘူး။ အခုက သူတို့အသွင်ပြောင်းမယ်ဆိုတဲ့နေရာမှာ နအဖစစ်တပ်ရဲ့ လက်အောက်မှာ လုံးလုံးကိုနေရမှာ။

အဲဒါဆိုရင် လက်နက်ကော လူကော အကုန်လုံးချတယ်လို့ ကျနော်တို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ နအဖ တပ်မတော် ရဲ့အောက်မှာလည်းနေရမယ်။ ပြီးတော့ စစ်တပ်ရဲ့ သဘောထားဟာ အမိန့်ကို လိုက်နာခံရမယ်။ နအဖစစ်တပ်က သူတို့ ကို ဘာပဲခိုင်းခိုင်း အကုန်လုပ်ရတော့မယ်” ဟု ရှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက ပြောသည်။

စစ်အာဏာရှင်၏ အပစ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်ပြီး အဖွဲ့ငယ်များကိုသာ ဖိအားပေးပြီး ပြောင်းလဲထိန်းချုပ်နိုင်သော်လည်း ရပ်တည်ချက်အပေါ် တင်းမာပြတ်သားပြီး အင်အားကြီးသည့် အဖွဲ့များအပေါ် သြဇာဖိအားပေးနိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်ဟုလည်း ဆိုသည်။

“သူတို့အနေနဲ့ အကြမ်းဖက် ဖြေရှင်းမယ်ဆိုလို့ရှိရင်လည်း ပြည်တွင်းစစ်က ပြန်ပြီးတော့ ပိုမိုပြီးတော့ ကျယ်ပြန့် ကြီးမားလာနိုင်တာပေါ့ မဖြေရှင်းဘူးဆိုရင်လည်း သူတို့ဖက်ကိုယ်နိုက်က သူတို့ဆက်လက် အကောင်အထည် ဘယ်လိုဖော်သွားမလဲ ဆိုတာကို စောင့်ကြည့်ရမဲ့ သဘောပါ” ဟု KNU မှ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေက ပြောသည်။

အပစ်ရပ်အဖွဲ့များသည် ယခင်တွင် လက်နက်ကိုင်တိုက်ပွဲဝင်သော အဖွဲ့များဖြစ်သည်။ သို့သော်လည်း ပြည်သူလူထုအား ထိခိုက်မှုပိုမို မရှိစေရန်အတွက် စစ်အစိုးရနှင့် အပစ်ရပ်ပြီး နိုင်ငံရေးကို ဖြေရှင်းခဲ့ပါသော်လည်း မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ပါဟု စိုင်းဆိုင်မိဏ်းက ဆိုသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံထားသော အဖွဲ့များသည် ကရင်နီပြည် လွိုင်ကော်မြို့ အခြေစိုက် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)၊ ကယန်းပြည်သစ်ပါတီ၊ မိုင်းလားတပ်ဖွဲ့၊ ကချင်ခွဲထွက်ရေး အဖွဲ့နှင့် မွန်ခွဲထွက်ရေးအဖွဲ့ စသည့်အဖွဲ့များ ပါ၀င်သည်။

Most read this week