ကျောင်းစစ်ဆေးရေး လမ်းစရိတ် မိဘများထံ ပြန်လှည်ကောက်ခံ

ကျောင်းစစ်ဆေးရေး လမ်းစရိတ် မိဘများထံ ပြန်လှည်ကောက်ခံ
ကရင်နီပြည်နယ် ဒီမောဆိုမြို့မှ စစ်အစိုးရ ပညာရေးဝန်ထမ်းများသည် ကျောင်းစစ်သွားသောအခါ စစ်ဆေးခံရသောကျောင်းများက ၎င်းတို့သွားလာရေး ခရီးစရိတ်အတွက် ဆိုက်ကယ်ဆီဖိုး ထည့်ပေးရ ...

ကရင်နီပြည်နယ် ဒီမောဆိုမြို့မှ စစ်အစိုးရ ပညာရေးဝန်ထမ်းများသည် ကျောင်းစစ်သွားသောအခါ စစ်ဆေးခံရသောကျောင်းများက ၎င်းတို့သွားလာရေး ခရီးစရိတ်အတွက် ဆိုက်ကယ်ဆီဖိုး ထည့်ပေးရသည်ဟု သိရသည်။

“လူကြီးတွေတစ်ခါလာရင် ဆီဖိုးပေးရတယ်။ အဲဒါအပြင် စားဖို့သောက်ဖို့နဲ့ လက်ဆောင်တွေလည်းတောင်းတယ်” ဟုကျောင်းဆရာများနှင့် ရင်းနှီးသော ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာလကုန် အစည်းအဝေးတွင် ဆိုင်ကယ်တစ်စီးကိုဆီဖိုး ကျပ်သုံးထောင်ပေးရမည်ဟု အမိန့်ထုတ်ထား၍ ၎င်းဆီဖိုးကိုလည်း ရပ်ရွာရှိကျောင်းသားမိဘများထံ ပြန်လှည် ကောက်ခံသည်ဟု ဆိုသည်။

“ဆိုင်ကယ်နဲ့ နှစ်စီးလာရင် ခြောက်ထောင်ပေးရပါတယ်။ အဲဒါတွေကို ရွာက ဥက္ကဌတွေက စီစဉ်ပြီး မိဘတွေကို ပြန်ကောက်တယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ကရင်နီပြည်တွင် ပညာရေးမှူးများက ဦးဆောင်၍ ကျောင်းများကို တနှစ်ပတ်လုံး လိုက်လံစစ်ဆေးကာ ယခုလတွင်မှာတော့ ခရီးစရိတ်များကို တိုးကောက်လာခြင်းဖြစ်သည် ဟု ဒီမောဆိုဒေသခံ တစ်ဦးကပြောသည်။