ကရင်နီပြည် ဖရူဆိုမြို့နယ်မှ တောင်သူလယ်သမား အများစုသည် မြေပဲစိုက်ပျိုးခြင်းကို အမှီပြုပြီး အသက် မွေးဝမ်းကျောင်း ပြုလာခဲ့ကြသည့်အတွက် ယခုနှစ်မြေပဲစျေး မရှိ၍ ငွေကြေးအခက်အခဲနှင့် ကြံုတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
ဖရူဆိုမြို့နယ်မှ တောင်သူတဦးက “မျော်လင့်ချက်နဲ့ လုပ်ထားတဲ့လုပ်အားတွေက ဖြစ်မလာတဲ့အခါကျတော့ ငွေကိုဘယ်နားရှာမှန်း ရှာရမှန်းမသိ ဖြစ်နေတယ်” ဟု ပြောပါ သည်။
နှစ်တိုင်းရာသီတွင် မြေပဲစျေး တဗုံးလျှင် ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ အထိစျေးရှိခဲ့သော်လည်း ယခုနှစ်တွင် ၂,၅၀၀ မှ ၃,၀၀၀ ထိသာ စျေးရှိတော့သည့် အတွက်ဖြစ်သည်။
ဆက်လက်ပြီး ၎င်းက “ဒီနှစ်ကျတော့ စျေး နည်းနည်း ရှိနိုင်မလားပေါ့၊ မရှိရင်လည်း အရင်းပေါ့ ရှိရင်လည်း အမြတ်ပေါ့ အဲ့လိုမျိုးပဲ နည်းနည်းပါးပါးတော့ လုပ်ကြတယ် အများကြီးတော့ မလုပ်ရဲကြတော့ဘူး” ဟု ပြောသွားပါသည်။
မြေပဲကို ဖရူဆိုမြို့မှ လွိုင်ကော်မြို့သို့ အများစုတင်ပို့ပြီး ပအို၀်းနှင့် တရုတ်လူမျိုးများကသာ လာရောက် ၀ယ်ယူကာ ယခု နောက်ပိုင်းတွင် ၀ယ်ယူသူ သိသိသာသာ နည်းလာ ပါသည်။
ယခင် ၃-၄ နှစ်အတွင်း တောင်သူအများအပြား မြေပဲကို အလုအယက်စိုက်ပျိုးကြပြီး အရှိန်ကောင်းနေသည့် အချိန်တွင် ပြီးခဲ့သည့်နှစ်က ကမ္ဘာအနှံ့အပြား စီးပွားရေး ဆိုက်ကပ်မှုနှင့် ရင်ဆိုင်နေကြသည့်အတွက် စီးပွားပျက် ခဲ့ကြသည်။
ဖရူဆိုမြို့နယ်တွင် နေထိုင်သည့် တောင်သူလယ်သမား အားလုံးနီးပါးတို့သည် မြေပဲတခုတည်းကို အမှီပြု၊ အားကိုးပြီး တနှစ်ပြီးတနှစ် လုပ်ကိုင်လာခဲ့့ကြသည်။