မြန်မာစစ်အစိုးရမှ လက်နက်များ သိမ်းဆည်းလိုက်သော အပစ်ရပ် ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ်အသုံးပြုရန် လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ နဂါးအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ဗိုလ်လီးရယ်နှင့် အဖွဲ့ဝင် အချို့ကို စစ်အစိုးရမှ လွိုင်ကော်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၌ ကြိုတင်ခေါ်ယူ ဆွေးနွေးပြီးသည့်နောက် ရန်ကုန်တွင် ဗိုလ်ချုပ် သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် လာမည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလတွင် လက်နက်များ ပြန်လည် အပ်နှံနိုင်ဖွယ် ရှိသည်ဟု ကေအဲန်ဒီပီ အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက“နယ်ခြားစောင့်အသွင် ဖြစ်ဖို့က ကယားပြည်နယ်မှာ ပြစရာ ဆိုလို့ သူကိုပဲ သုံးလို့ ရမယ်လေ။ ကလလတ လည်း လက်မခံသေးဘူးလေ။ လက်ခံထားတယ် ဆိုပေမယ့် မသေချာသေးတဲ့ အစီစဉ်လို့ ပြောနိုင်ပါတယ်” ဟု ပြောသည်။
မြန်မာစစ်အစိုးရ ဖိအားပေးနေသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (ကလလတ) ခေါင်းဆောင်ပိုင်းက လက်ခံထားသော်လည်း အောက်ခြေပိုင်းကမူ ငြင်းဆန်မှု ရှိနေသည့်အတွက် ၎င်းတို့ အဖွဲ့ကို စစ်အစိုုးရ ယုံကြည်မှု မရှိသောကြောင့် ကေအဲန်ဒီပီခေါ် နဂါးအဖွဲ့အား ပြန်လည် ဖွဲ့စည်းရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာနမှ တာဝန်ရှိသူ ဗားမားနိုင်ကပြောပါသည်။
ယခင်လအတွင်းတွင်လည်း ကလလတတပ်ဖွဲ့မှ တပ်သား ၃ ဦးသည် ကရင်နီပြည်တပ်မတော် ဘက်သို့ ထွက်ပြေးသွားခဲ့ခြင်းကြောင့် ကလလတအဖွဲ့ကို စစ်အစိုးရ၏ ယုံကြည့်မှု လျော့နည်း လာစေသည်ကိုလည်း ပါ၀င်ပတ်သက်နေသည်ဟု ဆက်ပြောသည်။
၎င်းက “အရင်က နဂါးအဖွဲ့ လက်နက်တွေ ဖြုတ်ပေးပြီးပြီပေါ့နော့်။ ကလလတပဲ ကျန်နေတယ်။ အခုတော့ သူတို့ ကလလတအဖွဲ့ကို ယုံကြည်မှု မရှိတော့ သူ့လက်ကိုင်တုတ် မရှိတော့ဘူးပေါ့။ လက်ကိုင်တုတ်က ဘယ်လို အားကိုးလို့ရလဲဆိုတော့ ရွာသူ၊သားတွေကို ခြိမ်းခြောက်တဲ့ နေရာမှ သုံးလို့ ရတယ်။ ၂၀၁၀ မဲထောက်ခံဖို့ စည်းရုံးသွတ်သွင်းတဲ့ နေရာမှာ ခိုင်းလို့ ရတယ်ပေါ့” ဟု ပြောသွားပါသည်။
လက်နက်များ သိမ်းဆည်းခံရပြီးနောက် နဂါးအဖွဲ့ဝင် အောက်ခြေငယ်သားများသည် ဒေသခံ ပြည်သူများ နေထိုင် သကဲ့သို့ ကျေးရွာများ၌ ပြန်လာနေထိုင်ခဲ့ကြသည်။
သို့သော် ၎င်းတို့၏ လုံခြံုရေးနှင့် စားဝတ်နေရေး အကျပ်တည်းကြောင့် နဂါးအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် လိုက်လံ ခေါ်ဆောင်ရာတွင် လွယ်ကူစွာ ပြန်လည် ၀င်ရောက်နိုင်ဖွယ် ရှိကြောင်း ကေအဲန်ဒီပီ ပါတီဝင်ဟောင်းတဦးက ပြောသည်။
နဂါးအဖွဲ့ လက်နက်များ ပြန်လည်ကိုင်ဆောင်ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်း သွားလျှင် ယခင်ကထက် လုပ်ပိုင်ခွင့်အာဏာ အခွင့်အရေးများကို ပိုမို ရရှိနိုင်ကြောင်း၊ သို့သော် မည်သည့် နယ်မြေဒေသ၌ တာဝန်ယူသွားမည်ကို အတိအကျ မသိရသေးကြောင်း သူက ဆက်ပြောသည်။
နဂါးအဖွဲ့သည် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကရင်နီပြည်တပ်မတော်မှ ၁၉၉၆ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူထားကာ တပ်ဖွဲ့ဝင်ဟောင်းများနှင့် ရွာသားများကို မက်လုံးပေးသော စုစည်းခြင်းဖြင့် ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီအား စစ်အစိုးရ ဖွဲ့စည်းပေးခဲ့သည်။
လူအင်အား ၆၀ ခန့်ရှိသော အပစ်ရပ် နဂါးအဖွဲ့သည် ယမန်နှစ် စက်တင်ဘာလ ၅ ရက်နေ့က ရပခတိုင်းမှူး၏ ညွန်ကြားချက်အရ လွိုင်ကော်ဒကစမှူး မျိုးဝင်းမှ လက်နက် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသည်။