ကရင်နီပြည် ကျေးလက်ဒေသမှ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး နှစ်ရှည်အရေပြားရောဂါ ကူးစက်မှုဒဏ်ကြောင့် သေဆုံးသွားရသည်ဟု ကရင်နီနယ်လှည့် ကျန်းမာရေး အဖွဲ့က ပြောသည်။
ကူးစက်မှုဒဏ်ကြောင့် အလည်ပိုင်းဂွင်ရှိ ဒေါတမကြီး ကျေးရွာမှှ ကလေး ၂ ဦးနှင့် တောလုံ ကျေးရွာမှ ၂ ဦး ယခု ၂၀၀၉ ခုနှစ်တွင် သေဆုံးသွားခဲ့ပြီး ဒီမောဆိုမြို့နယ်မှ ဒေါဖုအုပ်စုနှင့် ဖရူဆိုမြို့နယ် ကေးလျား ကျေးရွာအုပ်စုတွင်လည်း ထိုရောဂါကူးစက်မှုနှုန်း ဆိုးရွာစွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။
“ဒီတခုက ရိုးရိုး အရေပြားရောဂါ မဟုတ်တော့ဘူး။ ရိုးရိုးဆိုရင် သေတဲအထိ မရှိနိုင်ဘူး။ သူတို့ ကူးစက်ခံရတာ ကြာပြီ ဖြစ်တဲ့အတွက် သူတို့လည်း ကိုယ့်ကိုယ်ကို မကုသနိုင်တော့ ကူးစက်ရောဂါ တခုအဖြစ် ဆက်လက် ဖြစ်သွားတယ်ပေါ့။ နောက်ပြီး ကြီးမားတဲ့ ရောဂါပိုးတွေ ၀င်တော့ သေဆုံးတာတွေ တချို့ရှိပြီ” ဟု နယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံ ခူဒယ်နီယာယ်က ပြောသည်။
သဘာဝပတ်ဝန်းကျင်၏ အခြေအနေအရ ရေနည်းပါးလာခြင်းနှင့် ကျေးရွာများမှာ သောက်သုံးရေ ရရှိနိုင်သည့် နေရာနှင့် ဝေးကွာနေပြီး ရွာသူ/သားများ တကိုယ်ရေ သန့်ရှင်းရေး မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် အရေပြားရောဂါ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆိုသည်။
“အရေပြားရောဂါက အဓိက တကိုယ်ရည် သန့်ရှင်းရေးပဲ လိုအပ်တယ်။ တကိုယ်ရည် သန့်ရှင်းရေး မရှိတဲ့အတွက် ရောဂါ ဖြစ်လာတယ်။ အစက သေးသေးလေးပဲပေါ့။ ဒီတခုက ဗိုင်းရပ်တွေကြောင့် ဖြစ်လာတယ်။ ကြာလာရင် သူ့ကို သန့်ရှင်းအောင် မလုပ်နိုင်ဘူး။ သူ့ကို ကုတ်မယ်။ နောက်ပြီး ရောဂါပိုးတွေ ၀င်တယ်။ အဲဒါကြောင့် ကြီးတဲ့ အရေပြားရောဂါတမျိုး ဖြစ်သွားတယ်” ဟု ဒေသခံများကို လိုက်လံကုသပေးနေသော ကျန်းမာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။
အဆိုပါ ရောဂါ ကူးစက်ခံရသူများသည် အရေပြားပေါ်၌ အယားအနာများ၊ အရည်ကြည်ဖုများ ထွက်ရှိကာ ကိုယ်ပူတက်ခြင်း၊ အဝတ်အစားများနှင့် စောင်များ အတူတကွ အသုံးပြုခြင်းဖြင့် ကူးစက်မှုကို လွယ်ကူစေပြီး ခံနိုင်ရည်မရှိသည့် ကလေးငယ်များမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။