မီးသတ်သင်တန်း အကြောင်းပြ၍ ပြည်သူများအား စစ်သင်တန်းပို့ချ

မီးသတ်သင်တန်း အကြောင်းပြ၍ ပြည်သူများအား စစ်သင်တန်းပို့ချ
by -
နှောင်းလှိုင်
ကရင်နီပြည် ဒီမောဆိုမြို့နယ်ရှိ ပြည်သူများကို မြန်မာစစ်အစိုးရမှ ပို့ချပေးနေသော မီးသတ်သင်တန်းသည် မီးသတ် ပညာမဟုတ်ဘဲ စစ်ရေး အတတ်ပညာ သင်တန်းသာ ဖြစ်သည်ဟု သင်တန်းတက် သူများကပြော ...

ကရင်နီပြည် ဒီမောဆိုမြို့နယ်ရှိ ပြည်သူများကို မြန်မာစစ်အစိုးရမှ ပို့ချပေးနေသော မီးသတ်သင်တန်းသည် မီးသတ် ပညာမဟုတ်ဘဲ စစ်ရေး အတတ်ပညာ သင်တန်းသာ ဖြစ်သည်ဟု သင်တန်းတက် သူများကပြောသည်။

ပထမရက်တွင် မီးသတ်သင်တန်းအကြောင်းကို ၁ နာရီသာ စာတွေ့အဖြစ် သင်ကြားပို့ချပြီး နောက်ပိုင်းတွင် စစ်တိုက်နည်း၊ သေနတ်ဖြုတ်၊ တပ် နှင့် စစ်ဗျူဟာ များသာ သင်ကြား ပို့ချပြီး နောက်ဆုံးရက်တွင် သင်တန်းသားများအား တဦးကို ကျည်ဆံ အတောင့် ၂၀ ပေးပစ်သည်ဟုဆိုသည်။

“နောက်ဆုံး ပတ်မှာ သေနတ် ပစ်ရတယ်” ဟု သင်တန်းတက်ရောက်သူ တဦးက ပြောပါသည်။

ဒီမောဆိုမြို့နယ်မှ ရွာပေါင်း  ၉ရွာရှိ အသက် ၁၈ နှစ်အထက်ကိုသာ သတ်မှတ်ထားပြီး သင်တန်းမှာ စက်တင်ဘာလမှစ၍ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြီးဆုံးပြီး ရက် ၂၀ သင်ကြားကာ တရက်လျှင် သင်တန်းသားအား နေ့စားခ တဦးလျှင် ၅၀၀ကျပ် ပေးသည့်အပြင် မီးသတ်ဝတ်စုံလည်း ထုတ်ပေးသည်။   

သင်တန်းတွင် စစ်ပညာများ သင်ကြားပေးနေသည့်အတွက် သင်တန်းသားများအား အပစ်ရပ်အဖွဲ့များနှင့်ပူးပေါင်းခိုင်းပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီအား တိုက်ခိုက်ခိုင်းမည်ကို စိုးရိမ်နေကြသည်။

“သူတို့ အထင်က ၂၀၁၀ အတွက် ထောက်ခံမဲ လိုက်ရှာနေတာလို့ ထင်တယ်လေ အခုဆို သင်တန်းသားတွေက အလိုအလျောက် ထောက်ခံမဲ ဖြစ်သွားပြီလေ” ဟု ဒီမောဆိုမြို့ခံ တဦးက ပြောပါသည်။  

၄င်းဒေသခံက ဆက်လက်ပြီး “ထောက်ခံမဲ အတွက် တစ်ခုပေါ့ နောက်ဘယ်လိုမြင်လဲဆိုတော့ ကရင်နီတွေကို ပြန်တိုက်ခိုင်းရင်လည်း တိုက်ခိုင်းမှာပေါ့ ဒါပေမယ့် တိုက်ပွဲသိပ်မဖြစ်လိုတော့ အဲဒီအတွေးက သူတို့ (သင်တန်းသားများ) ခေါင်းထဲကို သိပ်မရောက်ဘူး သင်တန်းတက်တာလည်း အကျိုသက်ရောက်မှုမရှိဘူး အလုပ်ပျက်တာပဲ အဖတ်တင်တယ်” ဟုပြောသည်။

ထိုသင်တန်းတွင် သင်တန်းသား ၅၅ ဦးရှိပြီး သင်တန်းနည်းပြများမှာ ဒီမောဆို အခြေစိုက် ခမရ ၄၂၇ တပ်မှ တပ်ကြပ် ၂ ဦး၊ ခမရ ၁၀၂ တပ်မှ တပ်ကြပ်ကြီး ၂ ဦး နှင့် ရဲအုပ်တဦး အပါအဝင် သင်တန်း ကြီးကြပ်သူ အားလုံး ၈ ဦးပါရှိသည်။ ထိုသင်တန်းကို ကရင်နီပြည် ဒီမောဆိုမြို့နယ်အပြင် အခြားမြို့နယ်များကိုလဲပို့ချမည့် အစီအစည်များရှိသည်ဟုသိရသည်။