ကရင်နီပြည် မြို့နယ်၂ ခု၌ ငှက်ဖျားရောဂါ ကူးစက်မှုများ

ကရင်နီပြည် မြို့နယ်၂ ခု၌ ငှက်ဖျားရောဂါ ကူးစက်မှုများ
by -
ပါးရယ်
ကရင်နီပြည်ရှိ မြို့နယ်များထဲမှ ဒီမောဆိုနှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃ ခုတွင် ငှက်ဖျားရောဂါ အများအပြား ကူးစက်ခံနေရကြောင်း ကရင်နီ နယ်လှည့်ကျန်းမာရေး အဖွဲ့က ပြော ...

ကရင်နီပြည်ရှိ မြို့နယ်များထဲမှ ဒီမောဆိုနှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃ ခုတွင် ငှက်ဖျားရောဂါ အများအပြား ကူးစက်ခံနေရကြောင်း ကရင်နီ နယ်လှည့်ကျန်းမာရေး အဖွဲ့က ပြောသည်။

အဆိုပါ ရောဂါသည် ဒီမောဆိုမြို့နယ် ဒေါတမကြီးနှင့် ဒေါဖု၊ ဖရူဆိုမြို့နယ် ကေးလျား စသည့် ကျေးရွာအုပ်စုများ၌ ဖြစ်ပွားနေပြီး ရွာသူ၊သား ၂၆ ဦးကို သွေးဖောက်စစ်ဆေးကြည့်ရာ ၂၁ ဦးမှာ ငှက်ဖျားရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဒီတခုက ကျနော်တို့ တရွာပဲ ဖောက်ကြည့်သေးတယ်။ တခြားရွာတွေမှာလည်း ဖျားနာတဲ့ လူတွေ အများ ရှိသေးတယ်။ ငှက်ဖျားလက္ခဏာ ရှိတဲ့ လူတွေလည်း အများ ရှိသေးတယ်။ ဒါကြောင့် ရောဂါ ဘယ်လောက် ဖြစ်တယ်ဆိုတာ အတည်ပြုပြောလို့ မရသေးဘူး” ဟု ကျန်းမာရေး အဖွဲ့မှ တာဝန်ခံ ဆရာ ဒယ်နီယာက ပြောသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားသော ကျေးရွာအုပ်စုများအနက် ပြီးခဲ့သည့် ဇူလိုင်လမှ ယခုအချိန်ထိ သေဆုံးသွားခဲ့သော ရွာသူ၊သားများမှာ ၆ ဦး ရှိပြီဖြစ်ပြီး အများစုမှာ အသက် ၁၀ နှစ်အောက် ကလေးများ ဖြစ်ကြသည့်အတွက် အခြေအနေအား စိုးရိမ်ရသည်ဟု နယ်လှည့်ကျန်းမာရေး ၀န်ထမ်းတဦးက ပြောသည်။

ကျေးရွာအုပ်စုတိုင်းတွင် စစ်အစိုးရအာဏာပိုင်များက ကျေးလက်တိုက်နယ်ဆေးရုံဟု ခေါ်ဆို၍ တည်ဆောက်ထားပေးသော်လည်း ကျန်းမာရေး ၀န်ထမ်းများနှင့် ဆေးဝါးများ မရှိကြောင်း ဆိုသည်။

ရွာသူ၊သားများ ငှက်ဖျားရောဂါ ကူးစက်ခံနေရခြင်းသည် ခြင်ကိုက်ခြင်းမှတဆင့် လွယ်ကူစွာ ပျံ့နှံ့သွားခြင်း ဖြစ်ပြီး ကူးစက်ခံနေရသူများမှာ အများအားဖြင့် အသက်အရွယ် ၁၀ နှစ်အောက်ရှိ ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်ကြပါသည်။

နာမကျန်းသော ရွာသူ၊သားများသည် အချို့က ငွေကြေး အကုန်ခံပြီး မြို့သို့ ဆေးဝါးများ သွားရောက် ၀ယ်ယူသုံးစွဲကြောင်း၊ သို့သော် စျေးကြီးမှုကြောင့် မတတ်နိုင်သူများလည်း ရှိနေကြောင်း သိရသည်။