လွိုင်ကော်မြို့ကျေးရွာ ၄ ရွာ ရေယုန်နာရောဂါ ကူးစက်ခံရ

လွိုင်ကော်မြို့ကျေးရွာ ၄ ရွာ ရေယုန်နာရောဂါ ကူးစက်ခံရ
by -
ပါးရယ်
ကရင်နီပြည် လွိုင်ကော်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာခန့် ရေယုန်နာရောဂါ ကူးစက်ခံနေရသည်ဟု ၎င်းဒေသတွင် ဆေးကုသပေးနေသော ဆေးမှူးတဦးက ပြောသည်။ ရောဂါကူးစက်သော ကျေးရွာများမှာ ဒေါပ၊ ဒေါတရှေး၊ ဘဲငေါ့နှင့် ပဲလော် စသည့် ...

ကရင်နီပြည် လွိုင်ကော်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာခန့် ရေယုန်နာရောဂါ ကူးစက်ခံနေရသည်ဟု ၎င်းဒေသတွင် ဆေးကုသပေးနေသော ဆေးမှူးတဦးက ပြောသည်။

ရောဂါကူးစက်သော ကျေးရွာများမှာ ဒေါပ၊ ဒေါတရှေး၊ ဘဲငေါ့နှင့် ပဲလော် စသည့် ကျေးရွာများ ဖြစ်ကြပြီး ကျေးရွာတရွာလျှင် ကူးစက်နေသော ရောဂါ အတိုင်းအတာ မည်မျှရှိသည်ကို အတိအကျ မသိရှိရသော်လည်း ရောဂါ အမျိုးအစား နှစ်မျိုး ဖြစ်ပွားပါသည်။

“ပိုပျောက်မြန်တာက အသေး တစ်မျိုးပေါ့နော်။ အကြီး တစ်မျိုးက ဖြစ်တာလည်း ပိုကြီးတယ်။ အယားအနာတွေ လည်း ပိုကြီးတယ်။ ပိုပြီး နက်အောင် ဖြစ်သွားတယ်ပေါ့။ အသေးတစ်မျိုးက အရေးပြားလောက်မှာပဲ ဖြစ်တယ်။ အကြီးက အသားထဲအထိ ဖြစ်သွားတယ်” ဟု ၎င်းဆေးမှူးက ပြောကြားသွားသည်။

ရေယုန်ရောဂါ ကူးစက်ရခြင်းသည် အဟာရဓါတ် ချို့တဲ့ခြင်းနှင့် ကိုယ်ခံအားနည်းခြင်းကြောင့် ဖြစ်ပြီး အသက်ရွယ် အိုမင်းသူနှင့် ငယ်ရွယ်နုနယ်သူများတွင် အသက်အန္တရာယ် ဖြစ်ပွားနိုင်သည်ဟု နယ်စပ်ဖြတ်ကျော်ရေးအဖွဲ့မှ ကရင်နီကျန်းမာရေး လုပ်သားတဦးက ပြောသည်။

“ကိုယ်ခံအားနည်းတဲ့ လူဆိုရင် ရေယုန်က ကြာရှည်လာတဲ့ အခါကြတော့ အဖုတွေ ဘာတွေက ပေါက်မယ်။ ကွဲမယ်။ ပြီးတော့ ဟိုကုတ်ဒီကုတ် ပူလို့ စပ်လို့ သူလုပ်မယ်။ သူ မသန့်ရှင်းဘူးဆိုလို့ရှိရင် နောက်ထပ် secondary infection ဒုတိယ ဘက်ထရီးယားပိုးတွေ ထပ်ဝင်ရင်တော့ ဒါသူ့အတွက် သေဖို့က အခွင့်အလမ်း များသွားတယ်ပေါ့နော်။ ရိုးရိုးရေယုန်ကြောင့် ဆိုရင် သိပ်ပြီးတော့ ပြသနာမရှိဘူး” ဟု ပြောသွားသည်။

၎င်းရေယုန်ရောဂါကြောင့် ဒေါပကျေးရွာနေ အသက်ဆယ်နှစ်အောက် ကလေးငယ် ၂ ဦး သေးဆုံးခဲ့ရပြီး ရေယုန်ရောဂါ ကူးစက်နေသော ကျေးရွာများသည် လမ်းမကြီး နံဘေး၌ တည်ရှိနေပြီး၊ ဒေသခံများ အနေဖြင့်လည်း ကာကွယ်ဆေး ထိုးထားခြင်း မရှိသောကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆေးမှူးက ပြောသည်။