ထိုင်းနှင့် ကရင်နီ နယ်စပ်လမ်းကြောင်း တရားဝင်ဖွင့်လှစ်ဟုဆို

ထိုင်းနှင့် ကရင်နီ နယ်စပ်လမ်းကြောင်း တရားဝင်ဖွင့်လှစ်ဟုဆို
ထိုင်း-ကရင်နီနယ်စပ် လမ်းကြောင်းတခုဖြစ်သည့် ဟွေ့ပူလောင်းဂိတ်ကို ယမန်နေ့က နယ်စပ်ရှိ အပစ်ရပ် ခေါင်းဆောင်နှင့် ထိုင်းဒေသခံအာဏာပိုင်များက တရားဝင် ဖွင့်လှစ်လိုက်သည်ဟု ဆို ...

ထိုင်း-ကရင်နီနယ်စပ် လမ်းကြောင်းတခုဖြစ်သည့် ဟွေ့ပူလောင်းဂိတ်ကို ယမန်နေ့က နယ်စပ်ရှိ အပစ်ရပ် ခေါင်းဆောင်နှင့် ထိုင်းဒေသခံအာဏာပိုင်များက တရားဝင် ဖွင့်လှစ်လိုက်သည်ဟု ဆိုသည်။

နယ်စပ်အမှတ် ၁၀ ဟွေ့ပူလောင်း ဂိတ်အား ၂၀၀၅ ခုနှစ်မှစတင်၍ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတ အဖွဲ့နှင့် မယ်ဟောင်ဆောင် ဒေသ အာဏာပိုင်အချို့က မှောင်ခိုလမ်းသဖွယ် ဖွင့်ထားကြရာမှ ယခုအကြိမ် တရားဝင်ပြန်လည် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု မယ်ဟောင်ဆောင်ခရိုင်မှ ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောပါသည်။

တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် ကရင်နီပြည် လွိုင်ကော် ဒကစမှအရာရှိများကို ဖိတ်ခေါ်ထားသော်လည်း တက်ရောက်မှုမရှိဘဲ ထိုင်းဘက်မှ မယ်ဟောင်ဆောင်ခရိုင် မြို့ဝန်နှင့်တကွ ဒေသခံ သစ်ကုမ္ပဏီမှ ကိုယ်စားလှယ် များက ဟွေ့ပူလောင်းသို့သွားရောက်၍ ကလလတ ကိုယ်စားလှယ်များဖြင့်သာ ဖွင့်လှစ်ကျင်းပခဲ့သည်။

ဟွေ့ပူလောင်းလမ်းဖြင့် ပြည်တွင်းသို့ အမြဲတမ်း သွားလာလေ့ရှိသည့်ကုန်သည်တဦးက “အရင်တုန်းက မှောင်ခိုနဲ့ သွားသွားလာလာနေရတယ်။ ဒီရက် ဂိတ်ကိုဖွင့်လိုက်ပြီ ဆိုတော့ စီးပွားရေး လုပ်တာလည်း ကောင်းလာမယ် အရင်က လူသွားလူလာ ရှိတယ် ဒါပေမဲ့ ခုတော့ဂိတ်ဖွင့်ပြီဆိုတော့ အများကြီး လူတွေသွားလာ ကြမှာပဲ” ဟု ပြော သည်။

ယခုအချိန်သည် စစ်အစိုးရမှ ကလလတအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးထားသည့် အချိန်ဖြစ်သလို ၂၀၁၀ရွေးကောက်ပွဲကိုလည်း ထောက်ခံမှုများပေးလာနိုင်ရန်အတွက် ထိုနယ်စပ်လမ်းကို အခွင့်အရေးတရပ်အနေဖြင့် ဖွင့်ခွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီမှ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

၎င်းက “တရားဝင်လို့ ဖွင့်ထားတာမဟုတ်ဘူး အရင်တုန်းက၊ ရွေးကောက်ပွဲနီးလာမှ တရားဝင်ဆိုမှ ဒါမက်လုံးပေး လိုက်တဲ့ သဘောပဲလေ ကလလတကို မက်လုံးပေးတာ၊ တကယ်တမ်းကျတော့ သူတို့ပေးထားတဲ့ မက်လုံးက ဒီရွေးကောက်ပွဲ မတိုင်ခင်အထိတော့ ကလလတ အနေနဲ့ စီးပွားရေးလုပ်ပြီးမှ အကျိုးအမြတ် တစုံတရာ ရရှိနိုင်တယ် ဒါပေမဲဲ့လည်း ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ တစုံတရာ ပြောင်းလဲမှု ရှိနိုင်တယ် ဒီလိုပဲ အမြဲလုပ်နေကျပဲလေ နအဖက” ဟုဆိုသည်။

အမှန်တကယ် တရားဝင်ဖွင့်လှစ်မှု ဖြစ်ပေါ်နိုင်မည်ဆိုပါက ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်းရှိ ရှားပါးသည့် ကျွန်းသစ်များကို ထိုင်းဘက်သို့ တင်ပို့ရောင်းချရမည် ဖြစ်သည်။ လမ်းဖွင့်လှစ်ခြင်းသည် ပြည်သူလူထု သွားလာရေး အတွက် အဆင်ပြေစေသော်လည်း ပြီးခဲ့သည့် ၁၉၉၅ခုနှစ်တွင် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် သစ်ထုတ် လုပ်ငန်းကို စစ်ဗိုလ်တစုနှင့် လက်နက်ကိုင်လူနည်းစုများကသာ အဓိကထိန်းချုပ်လုပ်ကိုင်ခဲ့ကြရာ ကရင်နီပြည် သံလွင်အရှေ့ဘက်ခြမ်းတွင် သစ်တော ပြုန်းတီးမှုပြဿနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။