အကျဉ်းသားများအား နိုင်ငံရေးအရ ဟန်ပြအဖြစ် လွတ်ပေးခြင်းသာဖြစ်

အကျဉ်းသားများအား နိုင်ငံရေးအရ ဟန်ပြအဖြစ် လွတ်ပေးခြင်းသာဖြစ်
by -
နှောင်းလှိုင်
မြန်မာနိုင်ငံ စစ်အစိုးရမှ နှစ်ပေါင်းများစွာ ဖမ်းဆီးထားပြီး ယခုလို အကျဉ်းသားများအား လွတ်ပေးခြင်းသည် ရွေးကောက်ပွဲတွင် နိုင်ငံတကာ အထင်အမြင်တွင် တရားမျှတသော နိုင်ငံဟု ထင်မြင်စေရန်နှင့် နိုင်ငံတကာမှ ဖိအားပေး ...

မြန်မာနိုင်ငံ စစ်အစိုးရမှ နှစ်ပေါင်းများစွာ ဖမ်းဆီးထားပြီး ယခုလို အကျဉ်းသားများအား လွတ်ပေးခြင်းသည် ရွေးကောက်ပွဲတွင် နိုင်ငံတကာ အထင်အမြင်တွင် တရားမျှတသော နိုင်ငံဟု ထင်မြင်စေရန်နှင့် နိုင်ငံတကာမှ ဖိအားပေးမှု လျှော့ကျလာစေရန် ဟန်ပြခြင်းသာ ဖြစ်သည်ဟု AAPP အဖွဲ့က ပြောသည်။

နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဗိုလ်ကြည်က “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကြောင်းပေးပြီးတော့ သူတို့လုပ်ချင်တယ် ဆိုရင်တော့ ဦးခွန်ထွန်းဦးတို့ လွတ်ပေးရမယ် တိုင်းရင်းသား ခေါင်းဆောင်တွေ နောက်အဲလိုပဲ တခြား ဒေါ်အောင်ဆန်းစုကြည်လို မင်းကိုနိုင် တို့လို လူမျိုးကို  လွတ်ပေးဖို့လိုတယ် အဲလိုလွတ်ပေးတော့မှ တကယ့် စစ်မှန်တဲ့ တိုင်းရင်းသား စုစည်းညီညွတ်မှု လိုလားပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးတယ် လို့ပြောလို့ ရမယ် အဲလိုမှမဟုတ်ရင် ပြောလို့မရဘူး” ဟု ဆိုပါသည်။

အကျဉ်းသားများအား လွတ်ပေးခဲ့သည်မှာ ယခုချိန်ထိ ၁၂၆ ဦးရှိပြီး ဘုန်းကြီး ၃ ပါး ပါဝင်ခဲ့သော်လည်း ယခုလပိုင်းတွင် ဘုန်းကြီး အပါး ၂၀ ကျော် အဖမ်းဆီးခံခဲ့ရသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို ဟန်ဆောင်ပန်ဆောင် နဲ့လွတ်ပေးလိုက်တယ် ဒါမဲ့ ဘာကြောင့်လွတ်လဲဆိုတော့ နိုင်ငံတကာက ဒီရွေးကောက်ပွဲမှာ ဒီနအဖက တကယ်မျှတပြီးတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်လို့ နိုင်ငံတကာ အထင်အမြင် ယူဆချက်မျိုး ပေါ်လာစေဖို့အတွက် သူတို့ နိုင်ငံတကာရဲ့ ရှေ့မှောက်မှာ နိုင်ငံရေး အကျဉ်းသားကို လွတ်ပြလိုက်တယ်” ဟု ကရင်နီ ဥပဒေအထောက်အကူပြု ဌာနမှ တာဝန်ခံ ဘီးဆူ ကပြောသွားသည်။

စစ်အစိုးရမှ အကျဉ်းသားများအား ဖမ်းလိုက်၊ လွတ်လိုက် ပြုလုပ်ခြင်းသည် နိုင်ငံရေးလှည့်ကွက်သာဖြစ်ပြီး ယခုလို ဖမ်းဆီးမှု ပြန်လည်ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အသွင်ကူးပြောင်းရန် စစ်အစိုးရမှ လိုလားမှုမရှိပဲ အာဏာကို ဆက်လက် ဆုတ်ကိုင်ရန် ပြသနေခြင်းဖြစ်သည်ဟု ဦးဗိုလ်ကြည်မှ ပြောကြား သွားပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘောထား ထုတ်ပြန်ကြေညာချက် တွင်လည်း လတ်တလော အခြေအနေတွင် စစ်အစိုးရသည် ၄င်းတို့ စိတ်ကြိုက်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများ လွတ်လပ်ပြီး တရားမျှတစွာ ပါဝင်နိုင်ရန်အတွက် နိုင်ငံတကာတွင် အသိပေးပြီး အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ရ၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။

သို့သော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် ဦးမင်းကိုနိုင်တို့ ကဲ့သို့သော နိုင်ငံရေး အကျဉ်းသားများကို လွတ်ပေးခြင်းမရှိသည်မှာ စစ်အစိုးရ၏ ဟန်ပြလုပ်ရပ်ကိုသာ သက်သေပြနေသည်ဟု ရေးသားဖော်ပြထားပါသည်။

Most read this week