ကရင်နီပြည် လွိုင်ကော်မြို့၌ ၂၀၁၀ ရွေးကောက်ပွဲတွင် လူငယ်များ အာရုံစိုက် အလေးအနက်မထားနိုင်ရန် ဘိလိယက်နှင့် စနူကာဆိုင်ကို လွတ်လပ်စွာ တိုးချဲ့ဖွင့်လှစ်နေကြ သည်ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး ကပြောသည်။
စစ်အစိုးရမှ စိတ်ကြိုက်ရေးဆွဲပြီး ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲကို မဲထည့်ခွင့် အသက်ပြည့်သော လူငယ်များနိုင်ငံရေးပိုင်းတွင် စိတ်ဝင်စားမှု နည်းလာကာ စစ်အစိုးရကို မျက်စိမိတ် ထောက်ခံမှုများ ပေးနိုင်ရန်အတွက် ရည်ရွယ်၍ စနူကာဆိုင်များကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ခွင့်များပေးခြင် းဖြစ်သည်ဟု ကေအဲန်ဝိုင်အိုမှ ပြောရေး ဆိုခွင့်ရှိသူ လူငယ်ကိုယ်စားလှယ်တဦးကပြောသည်။
၎င်းက “(လွိုင်ကော်မြို့) တရပ်ကွက်မှာ အနည်းဆုံး ၃ဆိုင်လောက်တော့ရှိတယ်၊ အဲဒီထဲမှာ လူပျိုပေါက်စလေးတွေက ပိုပြီးကစားကြတယ်လေး”ဟုဆက်ပြောသည်။
ဘိလိယက်နှင့် စနူကာကစားခြင်းသည် အားကစားတခုဟုဆိုသော်လည်း လူငယ်များသည် မိမိတို့၏ ငယ်ရွယ်နုပျိုချိန်ကို အထက်အာဏာပိုင်များအကြိုက်ဖြစ်သော ပေတေလေလွင့်သည့် စိတ်များ ၀င်စေသည့်နည်းလမ်းထဲ၌ စွဲလမ်းစွာရောက်ရှိနေကြသည်ဟု ကျောင်းသားမိဘ တဦးကပြောပါသည်။
ဒီမောဆိုမြို့မှ စနူကာစွဲနေသော လူငယ်တဦးက “ကစားရင်းဆက်ကစားချင်တယ်။ ထမင်းမေ့၊ ဟင်းမေ့ပဲ” ဟုပြောသည်။
လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်ကိုပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက်လာမည့် သူများဖြစ်ပြီး ယခုလက်ရှိ စစ်အာဏာပိုင်များကို တော်လှန်ကြ သော လူငယ်များသည် များသောအားဖြင့် အသက်၂၀ ၀န်းကျင်အရွယ်များသာဖြစ်သည်။
လူငယ်များတွင် မျိုးချစ်စိတ်၊ ယုံကြည်ချက်နှင့် မတရားမှုကို ခေါင်းငုံ့ မခံတတ်သော လူငယ်တို့၏ မဟုတ်မခံ စိတ်တို့ကြောင့် အာဏာရှင်စနစ်ကို တော်လှန်ကြမည် ဖြစ်သောကြောင့် အာဏာပိုင်များသည် လူငယ်များ အာရုံစိုက်သည့် မကောင်းမူ နည်းလမ်းမှန်သမျှကို အလေးထားဦးစားပေးခြင်းဖြစ်သည်ဟု နိုင်ငံရေးအကြောင်း စိတ်ဝင်စားသော မိဘတဦးကပြောသည်။
ကရင်နီပြည် လွိုင်ကော်မြို့တွင် ရပ်ကွက် ၁၆ ရပ်ကွက်ခန့်ရှိသည်။