မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဟန့်တားချက်များ ဆွေးနွေးဖလှယ်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဟန့်တားချက်များ ဆွေးနွေးဖလှယ်
by -
နှောင်းလှိုင်
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပေါ်ပေါက်လာရေးအတွက် အဟန့်အတားဖြစ်နေသည့် အကြောင်းအရင်း ၃ ချက်ကို  ကရင်နီလူမှုအသင်းအဖွဲ့များမှ ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ...

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပေါ်ပေါက်လာရေးအတွက် အဟန့်အတားဖြစ်နေသည့် အကြောင်းအရင်း ၃ ချက်ကို  ကရင်နီလူမှုအသင်းအဖွဲ့များမှ ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့တွင် တင်သွင်း၍ ဆွေးနွေးဖလှယ်ကြသည်။

မြန်မာစစ်အစိုးရတပ်များနှင့် အပစ်ရပ်အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပျက် နေသည့် စစ်ရေး ပဋိပက္ခများ၊ စစ်တပ်မှ အတိုက်ခံဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားများအပေါ် မတရားဖိနိပ်မှုများနှင့် စစ်တပ်မှ တဘက်သတ်ရေးသော ဥပဒေမူကြမ်းဖြင့် ၂၀၁၀ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခြင်းဆိုသည့် အကြောင်းအရာများသည် ငြိမ်းချမ်းရေးကို မည်သို့ဟန့်တား ခြိမ်းခြောက်နေသည်ကို ပိုမိုသိရှိနားလည်နိုင်ရန်အတွက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် နေ့တွင်ကျရောက်သည့် ၈ နှစ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကျင်းပ၍ ဆွေးနွေးအဖြေရှာကြခြင်းဖြစ်သည်။

“ဗမာပြည်မှာ ငြိမ်းချမ်းရေး မရတာ ဘာဖြစ်လို့လဲ စစ်ဖြစ်လို့် စစ်ဖြစ်တာက ဗမာပြည်မှာရှိ ဗမာလူမျိုးရေးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒ တို့ကြားမှာ ပြင်တွင်းစစ်ကြီး အဓိက ဖြစ်ပါတယ် ။ နှစ် ၆၀ ရှိပြီ အဲတော့ အဲဒီစစ်ကြီး ငြိမ်းချမ်းသွားဖို့၊ ပြီးသွားဖို့ဆိုရင် ကျနော်တို့ တပြည်လုံးက အုံးအုံးကျက်ကျက် တောင်းဆိုနေတဲ့ ဆန္ဒရှိနေကြတဲ့ ဒီမိုကရေစီ တည်ဆောက်နိုင်ဖို့ ဆိုရင် အဲဒီစစ်ကြီး ပြီးသွားရပါမယ် ငြိမ်းချမ်းရပါမယ် မငြိမ်းချမ်းတဲ့နေရာမှာ ဒီမိုကရေစီတည်ဆောက်လို့ မရပါဘူး” ဟု နိုင်ငံတကာ ကယ်တင်ရေး ကော်မတီအဖွဲ့မှ ဥပဒေအထောက်အကူပြု ဦးမျိုးညွန့်က ဆွေးနွေးပွဲတွင်ပြောပါသည်။

ကမ္ဘာ့ကုလသမဂ္ဂမှ ဖွ့ံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး၊ တန်းတူညီမျှရေးအတွက် ၂၀၀၀ ခုနှစ်တွင် လုပ်ကိုင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ သော်လည်း မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကင်းမဲဲ့နေသည့် နိုင်ငံဖြစ်သည့်အလျှောက် ထိုချမှတ်ခဲ့သည့် လုပ်ငန်းစီမံချက်များသည် ဦးတည်ရည်မှန်းချက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်ဟုဆိုသည်။

“အစိုးရဌာနမှာ အလုပ်လုပ်တဲ့ လူအားလုံးက အစိုးရကိုမဲပေးရမယ် ကျောင်းဆရာမတို့၊ ဆေးဆရာမတို့၊ ဒေါက်တာတို့ဘာတို့ အကုန်လုံးထည့်ရမယ် ရှေ့နေတောင်မှ ထည့်ပေးရတယ် ဒါသူ့ဝန်ထမ်းကိုး၊ တရားသူကြီးလည်း ထည့်ရတယ် အစိုးရဝန်ထမ်းတွေက ကိုယ်တိုင် ဆုံးဖြတ်ခွင့်မရှိဘူး ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်” ဟု ကရင်နီ ဥပဒေရေးရာဆိုင်ရာ ဌာနမှ ကိုယ်စလှယ်တဦးက တင်ပြဆွေးနွေးသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ရှေ့ရှုသင့်ပြီဖြစ်ကြောင်း ၈ နှစ်မြောက် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘောထား ထုတ်ပြန်ကြေညာချက်ဖြင့် စစ်အစိုးရအား တောင်းဆိုထားသည်။

ယမန်နေ့ကကျရောက်သည့် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကရင်နီအမျိုးသမီး အဖွဲ့မှ ဦးဆောင်ပြီးကျင်းပပြုကာ ဆွေးနွေးပွဲ့သို့ လူမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြသည်။