ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းတွင် အထက်တန်း ကျောင်းဆရာ၊မများ တတိယနိုင်ငံသို့ အများအပြား ထွက်ခွာသွားခြင်းကြောင့် ဆရာ၊မများ မလုံလောက်ဖြစ်ကာ ယမန်နေ့မှ စတင်၍ ကျောင်းသူ၊သားများ နေ့တပိုင်းသာ ကျောင်းတက်ကြရတော့သည်။
ဆရာ၊မများ မလုံလောက်မှုကြောင့် ၉ တန်းနှင့် ၁၀ တန်းကျောင်းသူ၊သာတို့အား မနက်ပိုင်းနှင့် ညနေပိုင်း ဟူ၍ နှစ်ပိုင်း ပိုင်းခြားထားပေးကာ တပတ်တခါ အလဲအလှယ် စာသင်နေကြရခြင်း ဖြစ်သည်ဟု အထက်တန်း ကျောင်းအုပ်ဖြစ်သူ ခွန်းအယ်ဒရုက ပြောသည်။
“ဆရာ၊မ ဒီလအတွင်းမှ ၆ ယောက် တတိယနိုင်ငံသို့ ထွက်သွားပြီပေါ့နော်။ ဇွန်နဲ့ ဇူလိုင်လအတွင်းမှာလည်း ရ ယောက် ထွက်ပြီ။ ဒီတစ်လအတွင်းတောင်မှ ၆ ယောက် ထွက်တယ်ဆိုတော့ ဘယ်လိုမှ ရှာလို့ မရတော့ဘူး။ ဒါကြောင့် ရှိတဲ့ ဆရာ၊မနဲ့ နေ့တပိုင်း သင်ပြီး ညတပိုင်း။ ဒါပေမယ့် ၉ တန်းနဲ့ ၁၀ တန်း တွဲပြီးတော့ ကိုင်ရတယ် ဒီလိုအခြေအနေအတွက်ကြောင့်” ဟုပြောသွားသည်။
ကျောင်းဆရာ၊များ အခက်အခဲ ကြံုနေရခြင်းသည် အထက်တန်းလွန်ကျောင်း ဆင်သွားသော ကျောင်းသူ၊သားများ ပြန်လည် ကူညီပေးလေ့ရှိသော်လည်း ယခုအခါတွင် ဖြည့်စွက်မှု အားနည်းခြင်းနှင့် ငွေးကြေး ထောက်ပံ့မှု ပိုမိုကောင်းမွန်သည့် အခြားဌာန၊ အဖွဲ့အစည်းများသို့ သွားရောက် လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်ဟု ပညာရေးမှူးဖြစ်သူ ဆရာ မာရ်ချယ်က ပြောသည်။
၎င်းက “အခုလောလောဆယ်ကြတော့ ရှိတဲ့ ဆရာ၊မတွေနဲ့ ကျနော်တို့က သုံးနေရတယ်။ ဆိုတော့ ကျောင်းက ဒီအတိုင်းပဲ ဆက်ထားမယ်ဆိုရင်လည်း အခန်းက အများကြီး လွတ်သွားမှာ ဖြစ်တယ်။ ဒါကြောင့် အခုက နေ့တပိုင်းကို လုပ်နေတဲ့ အခါကြတော့ ဆရာ၊မက ပြင်ဆင်မှုကို အားနည်းနေပြီးသား ဖြစ်တယ်။ ဆိုတော့ ကျောင်းသူ၊သားတို့ ကိုယ်နိုက်ကလည်း ကြိုးစားမှု အားနည်းမယ် ဆိုလို့ရှိရင်တော့ ရှေ့အနာဂတ်ရေးမှာ ဆိုလို့ရှိရင် အရည်အချင်းက ကျနိုင်တယ်” ဟု ပြောကြားသွားသည်။
ကျောင်းဆရာ၊မများ မလုံလောက်၍ စာသင်ချိန်လည်း ပိုမိုနည်းနေခြင်းကြောင့် မိမိ၏ ပညာရေးအတွက် ထိခိုက်စေမည်ကို စိုးရိမ်မှု ရှိနေမိကြောင်း အသက် ၁၈ နှစ်အရွယ်ရှိ ၉ တန်းကျောင်းသားဖြစ်သူ ရဲလင်းကလည်း ပြောသည်။
“ဆရာ၊မ မလုံလောက်ဘူး။ နောက်ပြီးတော့ စာသင်ချိန်က မလုံလောက်ဘူး ဆိုလို့ရှိရင် ကျနော်တို့ ပညာရေး၊ ဒီကျနော်တို့ စာသင်တာ တကယ့် ထိရောက်မှု ရှိပါ့မလား။ ကျနော်တို့ ပညာရေး ရှေ့ဆက်လျှောက်ရမယ့် အလားအလာ တမျိုးဖြစ်သွားမလား အဲလိုမျိုး တွေးပြီးတော့ စိတ်ထဲမှာ တမျိုးစိုးရိမ်မိတယ်ပေါ့” ဟု ရဲလင်းက ပြောသွားသည်။
ကျောင်းဆရာ၊မ၏ အခြေအနေသည် ၎င်းအတိုင်း အခက်အခဲများ ကြံုတွေ့နေရပြီး အထက်တန်းလွန် ကျောင်းဆင်း ကျောင်းသူ၊သားများမှ ပြန်လည် ကူညီမှု မရှိခြင်းနှင့် အခြားဌာန၊ အဖွဲ့အစည်းများသို့သာ ၀င်ရောက်ပါက လာမည့် အနာဂတ်တွင် အထက်တန်းကျောင်းကို ဖြုတ်ချနိုင်သည့် အစီအစဉ် ရှိကြောင်း ပညာရေးမှူးက ဆက်ပြောသည်။