၂၀၁၀ ရွေးကောက်ပွဲတွင် ကျောင်းဆရာ/မများမှ မဲရုံစောင့်သည့်လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ကျောင်းသင်ခန်းစာများ စောစီးစွာပြီးမြောက်နိုင်ရန် ကျောင်းသားများအား အချိန်ပိုခေါ်ယူ၍ ငွေကြေးများ ကောက်ခံနေသည်ဟု ကရင်နီပြည် ဒီမောဆိုမြို့မှ ကျောင်းသားမိဘများက ပြောသည်။
ကျောင်းသူ/သားများ ပုံမှန်ကျောင်းတက်ချိန် မနက် ၉ နာရီမှ ကျောင်းဆင်းချိန် ညနေ ၃ နာရီကို မနက် ကျောင်းတက်ချိန် ရ နာရီမှ ညကျောင်းဆင်းချိန် ၄ နာရီသို့ အချိန်ဆွဲဆန့်လိုက်ပြီး အချိန်ပိုအတွက် ကျောင်းသား တဦးကို တလလျှင် ၂၀၀၀ ကျပ်ပေးဆောင်ခိုင်းသည်ဟု ဒီမောဆိုမြို့မှ ကျောင်းသားမိဘတဦးက ပြောသည်။
သူမက “ကျမ အမြင်က သူတို့ အခုလို အချိန်ပို ခေါ်တာ ၂၀၁၀ ရွေးကောက်ပွဲ ရှိတော့ စာမေးပွဲ အမြန် ဖြေရမယ်၊ အမြန်ပြီးရမယ် သူတို့ ပြောထားတယ်လေ။ စာတွေလည်း နောက်ကျမှာ မပြီးနိုင်မှာ စိုးလို့ သူတို့ ခေါ်ယူတာ” ဟု ပြောသည်။
ကျောင်းသင်ခန်းစာများကို ၂၀၁၀ မတိုင်မှီ ပြီးမြောက်နိုင်ရေးအတွက် ပညာရေးမှူးများနှင့် အထက်တန်း ကျောင်းအုပ်များက ပြီးခဲ့သည့် ဇူလိုင်လကတည်းက ကျောင်းဆရာ/မများ၏ လစဉ်အစည်းအဝေးများ ပြုလုပ်ရာတွင် ပြောကြားခဲ့သည်။
ကရင်နီပြည်တွင်းရှိ ကျောင်းဆရာ၊မများသည် ရာထူးအဆင့်အတန်းအလိုက် အစိုးရမှ ထောက်ပံ့သော လခကို တလလျှင် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ရရှိကြသည်။
ကျောင်းသားများအား ယခုလိုအချိန်ပိုခေါ်ယူ၍ ငွေတောင်းခြင်းနှင့် ပတ်သက်ပြီး ဒီမောဆိုမြို့မှ မြို့ခံတဦးက “သူတို့က ပိုက်ဆံ စားချင်တာလည်း မှန်တယ်။ ကလေးတွေကို စာတတ်စေချင်တာလည်း မှန်တယ်။ ဒီတခုက ကျနော်လည်း မခွဲခြားတတ်ဘူး။ အမှန်တကယ်ဆိုရင် သူတို့က ဆရာ၊မတွေဖြစ်တော့ အချိန်ပိုဆိုတာ ကလေးတွေအတွက် စေတနာနဲ့ လုပ်ပေးရမှာပေါ့နော်” ဟုပြောကြားသွားသည်။