စစ်အစိုးရပိုင် စိုက်ခင်းတွင်းသို့ ဦးစားပေး ရေသွင်းမှုကြောင့် ရွာသားများအခက်ပိုကြံု

စစ်အစိုးရပိုင် စိုက်ခင်းတွင်းသို့ ဦးစားပေး ရေသွင်းမှုကြောင့် ရွာသားများအခက်ပိုကြံု
by -
ကို(၂)
မြန်မာ စစ်အစိုးရတပ် ခလရ ၁၀၂ နှင့် ၄၂၇ တပ်ရင်း တို့သည် ၄င်းတို့၏ တပ်ပိုင် လယ်ယာစိုက်ပျိုးရေး စိုက်ခင်းထဲသို့ ရေကို စောစီးစွာ ဦးစားပေးသွင်းယူသောကြောင့် အခြားသော တောင်သူလယ်သမားများက ရေကို ...

မြန်မာ စစ်အစိုးရတပ် ခလရ ၁၀၂ နှင့် ၄၂၇ တပ်ရင်း တို့သည် ၄င်းတို့၏ တပ်ပိုင် လယ်ယာစိုက်ပျိုးရေး စိုက်ခင်းထဲသို့ ရေကို စောစီးစွာ ဦးစားပေးသွင်းယူသောကြောင့် အခြားသော တောင်သူလယ်သမားများက ရေကိုရရှိရန် အခက်အခဲရှိပြီး မကျေမနပ် ဖြစ်ခဲ့ကြသည်ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။

ယခုနှစ်သည် မိုးခေါင်ရေရှားလာသည်နှင့်အမျှ စိုက်ပျိုးတောင်သူများအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ရင်ဆိုင်နေရသည့်အချိန်မှာ စစ်တပ်က ဆည်မြောင်းဦးစီးဌာနအား တိုက်ရိုက်ညွန်ကြားချက်ပေးပြီး ၎င်းတို့၏ လယ်ခင်းထဲသို့ ရေသွင်းပေးခြင်း ဖြစ်သည်။

ဒီမောဆိုမြို့နယ် မှ လယ်သမားတဦးက “လူထုတွေကို ဖိနှိပ်ပြီးတော့ တပ်နဲ့ပေါင်းပြီး လုပ်စားတဲ့လူတွေ ရှိတယ်လေ။ စစ်တပ်နဲ့ပေါင်းတဲ့ လူတွေက လယ်ယာမြေစိုက်ပျိုး ဖြစ်ထွန်းတယ်” ဟုပြောသည်။

မိုးရေကို မှီခိုပြီး လယ်ယာမြေစိုက်ပျိုးလာခဲ့ကြသော ဒီမောဆိုမြို့နယ်မှ ထီးဖိုးကလိုးကျေးရွာအုပ်စုတွင်း ကျေးရွာပေါင်း ၈ရွာနှင့် ကန်ခုနှစ်ဆင့် ရေကန်ကြီးများကို မှီခိုအားထားသော ဒေါကလော်ဒူကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၅ရွာတို့မှ လယ်ယာမြေစိုက်ခင်းဧကပေါင်း ၁၀၀၀ နီးပါး မစိုက်ပျိုးရတော့ဟု သိရသည်။

ငွေတောင်ဆည်မှ နှစ်စဉ် လယ်ယာမြေဧက နှစ်သောင်းကျော်ကို ၎င်းလယ်သမားများက မှီခိုပြီး လယ်ယာမြေစိုက်ပျိုးခဲ့ကြသည်။ ယခုနှစ်အတွင်း တောင်ကျစမ်းရေနှင့် မိုးရေမလုံလောက်သည့်အတွက် လယ်ယာစိုက်ပျိုးမှုများ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အထက်က စစ်တပ် နယ်မြေ လယ်ယာစိုက်ပျိုးရေးဧရိယာသည် ပြည်သူထံမှ အတင်းအဓမ္မ သိမ်းခံထားသော လယ်မြေဖြစ်သည်ဟု သိရသည်။

တပ်အနီးတွင် တောင်ယာလုပ်သူတဦးက “တပ်လာဆောက်တာ သူတို့သတ်မှတ်ထားတဲ့ ဧရိယာထက်ပိုချဲ့တယ်။ သူတို့တပ်ဧရိယာထဲကို တောင်ယာခုတ်ထားတဲ့လူတွေဟာ တဧကကို ရသိန်း အခွန်သွင်းဆောင်ကြရတယ်။ တောင်သူတွေက လယ်ယာလုပ်စားလို့မရတော့လို့ တောင်ယာခုတ်စားပါတယ်ဆိုမှ အခွန်ပြန်ဆောင်ရ သေးတယ်။ သူများလယ်ကိုလည်း သိမ်းလိုက်သေးတယ် တောင်ယာခုတ်စားပြန်တော့လည်း အခွန်ဆောင်ရပြန်တယ်” ဟုပြောသည်။

သည့်အပြင် ဖရှုဆိုမြို့နယ်မှ ထီးပေါ်ဆိုကျေးရွာအုပ်စုတွင်း ကျေးရွာပေါင်း ၆ရွာနှင့် မြို့မကျေးရွာအုပ်စုတွင်း ကျေးရွာ ၂ရွာတို့သည် မိုးရေကို မှီခိုပြီး လယ်ယာမြေစိုက်ပျိုးဖြစ်ထွန်းလာခဲ့သည့်အတွက် ယခုနှစ်တွင် မိုးမရွာတော့သဖြင့် လယ်ယာမြေဧကပေါင်း ၅၀၀ခန့် စိုက်ပျိုးခြင်းများ မပြုလုပ်နိုင်ကြောင်းလည်း သိရပါသည်။

ဖရှုဆိုမြို့နယ် ဒေါကုခူကျေးရွာနေ လယ်သမားတဦးကလည်း “မိုးမရွာလို့  လယ်နည်းနည်းပဲစိုက်ရသေးတယ်။ အားလုံးလိုလိုက မလုပ်နိုင်ကြတော့ဘူး မိုးရေကိုပဲ အားကိုးတယ်လေ”  ဆက်လက်ပြီး “ မိုးမရွာတော့ ဘာကိုပဲစိုက်စိုက်လေ ဘယ်အောင်မြင်ပါ့မလဲ” ဟု ပြောပါသည်။