ကရင်နီပြည်် ဒီမောဆိုမြို့နယ်အတွင်း ထူလွှီးဘီလာရွာ အနောက်ဘက်ရှိ တောင်ယာခင်းများကို ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှ သိမ်းလိုက်ပြီး နှစ်ရှည်ပင်များဖြစ်သော မယ်တလင်နှင့် ကျွန်းပင်များကို အစားထိုးစိုက်ခိုင်းသည်ဟု ဒေသခံများက ပြောသည်။
ပတောင်ငန်ရွာ၊ ကွိုင်ငံရွာ ၊ ဆောင်ဒူလာရွာနှင့် ဆိုဘောသဲရွာမှ ဒေသခံများ၏ ဧက ၃၀၀ အထက်ရှိသော တောင်ယာခင်းများကို သိမ်းလိုက်ပြီး နှစ်ရှည်ပင် စိုက်ပျိုးခိုင်းခြင်းဖြစ်သည်။ ဒေသခံပိုင်ရှင်များအား လျော်ကြေး မပေး၍ တချို့ရွာသားများမှာ မကျေနပ်သော်လည်း ပြန်မပြောရဲသောကြောင့် နှုတ်ဆိတ်နေကြရသည်ဟု ဒီမောဆိုမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
အသိမ်းခံရသောတောင်ယာခင်းများသည် မိုးခေါင်ရေရှား၍ ကုန်စျေးနှုန်းမြင့်ပြီး စပါး၊ သီးနှံများစိုက်ပျိုးရန် အဆင်မပြေသောကြောင့် နားထားသော တောင်ယာခင်းများ ဖြစ်သည်ဟု ပတောင်ငန်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“ပြန်လုပ်ချင်တဲ့ခါ ပြန်မလုပ်နိုင်တော့လို့ တခြားရရာအလုပ်တွေကို ရရာရှာကြရတယ်။ ကြိုပြီးရှာရတယ်။ ထမင်းမငတ်အောင်ပေါ့ ထင်းသွားရှာခုတ်တာတို့ တောထဲက သစ်ခွပန်းတွေ သွားရှာရောင်းရတာတို့ တခြားအလုပ် လုပ်နေရတာပါ” ဟုပြောသွားပါသည်။
နှစ်ရှည်ပင်များကို စိုက်ပျိုးခိုင်းခြင်းမှာ သစ်တောများ ပြန်လည်ထိမ်းသိမ်းဖိို့ရန်နှင့် စိမ်းလန်းစိုပြေရေးအတွက် မျှော်မှန်းပြီး ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သစ်တော အဖွဲ့အစည်းဌာနမှ ပြောသွားကြောင်း ဆောင်ဒူလာ ရွာမှ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)သို့ ပြန်လှည်ပြောပြသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ လမ်းဘေးတွင်လည်း အကုန်လိုက်စိုက်ပျိုးခိုင်းပြီး စိုက်ပြီးသွားသည့် အပင်များမှာ တစ်ထွာခန့် ရှိပြီဟုဆိုသည်။
“မယ်တလင်ပင်က ဘာမှတော့လုပ်လို့မရဘူး သစ်ပင်အလှတစ်မျိုးလိုလို အပင်က နည်းနည်းကြီးတယ်။ သူအရွက်နုနုနဲ့ အပွင့်တွေက စားလို့ရတယ်”ဟု ဒီမောဆိုမှ ဒေသခံတဦးကပြောသည်။
နောက်နှစ်တွင် စိုက်ပျိုးစရာ စိုက်ခင်းများမရှိတော့၍ အလုပ်အကိုင်များလည်း မရှိတော့ဘူး။ လုပ်စားဖို့နယ်မြေ အသစ် ရှာရဖို့ခက်ခဲသည်ဟု ဆက်လက်ပြောကြား သွားပါသည်။