မော်ချီးဒေသ အခြေစိုက် တပ်ရင်း ဒေသခံပြည်သူကို ပုံမုန် အစည်းဝေး ခေါ်ယူမည်

မော်ချီးဒေသ အခြေစိုက် တပ်ရင်း ဒေသခံပြည်သူကို ပုံမုန် အစည်းဝေး ခေါ်ယူမည်
by -
နှောင်းလှိုင်
ခလရ ရ၂ တပ်ရင်းမှ  ဒု-ဗိုလ် အောင်မျိုးသန့်၏ နှုတ်အမိန့်အရ ကရင်နီပြည် အမှတ်၂ ခရိုင်၊ မော်ချီးဒေသတဝိုက်ရှိ ကျေးရွာများအားလုံး တရွာကို ၃ ယောက်နှုန်းဖြင့် လစဉ်ပုံမှန် အစည်းအဝေးဆင့်ခေါ်တော့မည် ဖြစ်သည်ဟု ဒေသခံများက ပြော ...

ခလရ ရ၂ တပ်ရင်းမှ  ဒု-ဗိုလ် အောင်မျိုးသန့်၏ နှုတ်အမိန့်အရ ကရင်နီပြည် အမှတ်၂ ခရိုင်၊ မော်ချီးဒေသတဝိုက်ရှိ ကျေးရွာများအားလုံး တရွာကို ၃ ယောက်နှုန်းဖြင့် လစဉ်ပုံမှန် အစည်းအဝေးဆင့်ခေါ်တော့မည် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ အစည်းအဝေးတွင် စစ်အစိုးရတပ်များက ဒေသခံ ပြည်သူလူထုများအတွက် အဓိက လုပ်ဆောင်ပေး ရမည့် လုပ်ဆောင်ချက် ၃ ချက် ချမှတ်ထားပေး ခဲ့သည်ဟု သိရသည်။ ၄င်းအချက်များမှာ ပုံမှန်သတင်းပေးပို့ခြင်း၊ တောထဲ၌ ပုန်းတဲများမဆောက်လုပ်ရ၊ သတ်မှတ်ထားသည့် ရိက္ခာထက်မဝယ်ယူရ စသည့်များ ဖြစ်သည်။

ကရင်နီပြည် အမှတ် ၂ ခရိုင်တွင် တာဝန်ထမ်းဆောင်နေသည့် ဦးဖားမူးပြန်ပြောချက်အရ “အစည်းအဝေးလာတဲ့ အချိန်မှာ ကျေးရွာ အိမ်ထောင်ဦးရေ စာရင်း အတိအကျ ယူလာရမယ်။ ကျောင်းသူ၊သား ကျား၊မ အတန်း စာရင်း ယူလာရမယ် ပြီးတော့ ကျောင်းဆရာ၊မ အမည်နာမ ယူလာရမယ်၊ ပြီးတော့ ကျေးရွာမှာ သုံးနေတဲ့ မီးစက် နောက် အခြားစက် ပြီးတော့ စက်ရဲ့ပိုင်ရှင် အမည်နာမ  တခါ တည်းယူလာ ရမယ်” ဟု ပြောသည်။

ထို့အပြင် စစ်တပ်စခန်းသို့ သတင်း ပုံမှန်ပေးပို့ရသည်မှာ အဝေးကျေးရွာများမှာ တလတကြိမ်၊ တပ်စခန်းအနီးရှိ ကျေးရွာများမှာ တပတ်တကြိမ် သတင်းပေးပို့ရမည် ဖြစ်သည်။

ထိုဒေသအတွင်းရှိ ကျေးရွာတို့သည် တောတွင်း၌ ပုန်းတဲများဆောက်ခြင်းတွေ့ရှိပါက ပစ္စည်းများသိမ်းယူသည့် အပြင် တဲများကိုဖျက်စီးပြီး ပိုင်ရှင်များကိုလည်း ထိုက်သင့်သည့် အပြစ်ဒဏ်ပေးမည်ဟု ခြိမ်းခြောက်ထားပါသည်။ အလားတူဘဲ လူတဦးမှာ ရိက္ခာဝယ်သွားပါက ဆန် တပုံးထက်မလွယ်ရ၊ ဆားနှင့် ငါးပိ ကိုလည်း တပိသာထက် မဝယ်ရ၊ ထိုထက် ဝယ်ယူပါက အပြစ်ပေးမည်ဟု ပြောဆိုထားသည်။

ဂူဂေါ်ဘော်၊ ကော်တူဒိုး၊ ထိုဒိုလေးခို၊ လေလော်ထီး၊ လော်ခါးလို စသည့် ကျေးရွာ ၅ ရွာတို့သည် မော်ချီးအနီး ပတ်ဝန်းကျင်တွင် ရှိသည့်အတွက် ကျေးရွာသူကြီးများ၊ ရပ်ရွာ အတွင်းရေးမှူးများ၊ အသင်းအုပ်ဆရာနှင့် ဆရာတော် တို့ပါမကျန် တပတ်တကြိမ် ရှေ့တန်း ရုံုးသို့် သတင်းထူးခြားမှု ရှိမရှိ ပေးပို့ခိုင်းထားသည်ဟု သိရသည်။

“နေ့လည်စာကို ဘီစကစ် မုန့် တယောက်နှစ်ချပ်နဲ့ ကော်ဖီ ကျဲကျဲလေး တခွက်လောက် သောက်ရတယ်” ဟု အစည်းအဝေး တက်ရောက်သူ ရွာသားတဦးက ပြန်ပြော သည်။

ပထမဆုံးပြုလုပ်သည့် အစည်းအဝေးတွင် ထိုကထူးရွာ၊ ဖားဖိုးရွာနှင့် ပဟိုးရွာ တို့သည် တက်ရောက်ခြင်းမရှိပါ။ သို့သော် နောက်ပိုင်းတွင် ထိုအစည်းအဝေးတွင် မတက်မနေရ တက်ရောက်ကြသည်ဟု သိရသည်။ လစဉ် အစည်းအဝေးတွင် ထွေထွေထူးထူး ပြောကြားခြင်းမရှိပဲ စစ်တပ်မှ ပြောကြားချက်များ၊ မှာကြားချက်များသာ နားထောင်ရသည်။ ရွာသူ၊သားများသည် မေးမြန်းစရာ အခွင့်အရေး မရှိသည့်အပြင် တချို့မှာ ဗမာစကား မသိရှိ နားမလည်ကြပါ။

စစ်အစိုးရတပ်က အထူးတလည်မှာကြားလိုသည်က  “ကေအဲန်ပီပီ တပ်တွေနဲ့ တွေ့မယ်ဆိုရင် မြန်မြန်ပြန် လာကြပေါ့ ၂၀၁၀ ကျရင် သူများ ရွေးကောက်ပွဲလုပ်မယ် ၂၀၁၀ ပြီးတဲ့နောက်ပိုင်း ကျရင် ပြန်မလာတဲ့လူဆို အပြတ်ချေမုန်းမယ် ” ဟု ပြောကြားလေ့ရှိသည်။

ကရင်နီပြည် စစ်အစိုးရတပ် မော်ချီးရှေ့တန်းရုံး သို့  တလတကြိမ် ၂၇ ရက်နေ့ရောက်တိုင်း  အစည်းအဝေးသို့ လာရောက် ရမည်ဟု သတ်မှတ်ထားသည်။