မက်ခါသီးများ စျေးတက်လာ၍ စားဝတ်နေရေး အနည်းငယ် ပြေလည်

မက်ခါသီးများ စျေးတက်လာ၍ စားဝတ်နေရေး အနည်းငယ် ပြေလည်
by -
မော်တခဲ
ကရင်နီပြည်နယ်မှ ခြံထွက် ဟင်းခတ်အမွေးအကြိုင်တစ်ခုဖြစ်သည့်  မက်ခါသီးများ ယမန်နှစ်ထက် စျေးပိုတက်လာ၍ စားဝတ်နေရေး အနည်းငယ် ပြေလည်မှု ရှိလာသည်ဟု ဒေသခံပြည်သူများက ပြော ...

 
ကရင်နီပြည်နယ်မှ ခြံထွက် ဟင်းခတ်အမွေးအကြိုင်တစ်ခုဖြစ်သည့်  မက်ခါသီးများ ယမန်နှစ်ထက် စျေးပိုတက်လာ၍ စားဝတ်နေရေး အနည်းငယ် ပြေလည်မှု ရှိလာသည်ဟု ဒေသခံပြည်သူများက ပြောပါသည်။
 
ဒီမောဆိုမြို့နယ်၊ ကွိုင်ငံရွာသစ်မှ ဒေသခံတစ်ဦးက “ခြံထဲမှာ မက်ခါသီးပင်နှစ်ပင်ရှိပါတယ်၊ ဒီနှစ် အဗူး(၁၀၀) ကျော် ထွက်လို့ ဟင်းဖိုး၊ ဆေးဖိုးလောက်တော့ ကာမိပါတယ်” ဟု ပြောပါသည်။
 
မက်ခါသီးများကို ကရင်နီလူမျိိုးများသာလျှင် များသောအားဖြစ်စားသုံးကြ၍ ဒီမောဆိုမြို့နယ်နှင့် ဖရှုဆိုမြို့နယ်ရှိ ကျေးလက်ဒေသများတွင် အိမ်ဝင်းခြံဝင်းများ၌ သုံးပင်မှ လေးပင်အထိ စိုက်ပျိုးကြသည်။
 
မက်ခါသီးနို့ဆီဗူး တစ်ဗူးလျှင် ယခင်နှစ်များတွင် ကျပ် ရ၀၀ ခန့်ရှိပြီး၊ ယခုနှစ်တွင် ၁၂၀၀ ကျပ်ထိ စျေးတက် သွားသည်။
 
ယခုလို မက်ခါသီးများ စျေးတက်လာရခြင်းမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြားမြို့ပြများရှိ တရုတ် စားသောက် ဆိုင်များတွင် အသုံးပြုမှုများပြားလာပြီး တရုတ်ကုန်သည် ပွဲစားများက အိမ်တိုင်ရာရောက်လိုက်လံ ၀ယ်ယူရာ ယမန်နှစ်ကထက် စျေးပိုတက်လာခြင်း ဖြစ်သည်ဟု မက်ခါသီးများ လိုက်လံဝယ်ယူနေသော မိုးဗြဲမှ ပွဲစားတစ်ဦး က ပြောသည်။
 
ဒီမောဆိုမြို့နယ်၊ လွိုင်လင်လေးအုပ်စု တာရုရွာမှ ဒေသခံတစ်ဦးက “တရုတ် ပွဲစားတွေက ရွာတွေမှာထိ တစ်အိမ် ၀င်၊ နှစ်အိမ်ဝင်ပြီး တစ်ဗူးရရ၊ နှစ်ဗူးရရ လိုက်ဝယ် နေတယ်” ဟုပြောသည်။
 
မက်ခါသီးပင်သည် ဇီးပင်ကဲ့သို့ အဆူးများနှင့် အပင်မျိုးပုံသဏ္ဍန်ရှိရာ ခူးဆွတ်ရာလည်းခက်ခဲပြီး စိုက်ပျိုးရာတွင် လည်း အထူးတလည်မအောင်မြင်ကာ အပင်တစ်ပင်လျှင် သက်တမ်း ၅ နှစ်ရှိမှသာလျှင် အသီးသီး၍ ဒေသခံ ပြည်သူများက မက်ခါသီးပင်များကို အနည်းငယ်သာစိုက်ပျိုးကြပါသည်။