ကလေးများ လူကုန်ကူးသည့် ပုံစံဖြင့် စစ်တပ်ထဲ သွင်းခြင်းခံနေရ

ကလေးများ လူကုန်ကူးသည့် ပုံစံဖြင့် စစ်တပ်ထဲ သွင်းခြင်းခံနေရ
by -
ကို(၂)
မြန်မာပြည်ရှိ အရွယ်မရောက်သေးသော ကလေးငယ်များသည် လူကုန်ကူးသည့် ပုံစံမျိုးဖြင့် တပ်တွင်းသို့ စစ်အင်အား စုဆောင်းရေးအတွက် လိမ်လည်လှည့်ဖြားပြီး သိမ်းသွင်းခြင်း ခံနေရသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ဆိုင်ရာအဖွဲ့က ပြော ...

 
မြန်မာပြည်ရှိ အရွယ်မရောက်သေးသော ကလေးငယ်များသည် လူကုန်ကူးသည့် ပုံစံမျိုးဖြင့် တပ်တွင်းသို့ စစ်အင်အား စုဆောင်းရေးအတွက် လိမ်လည်လှည့်ဖြားပြီး သိမ်းသွင်းခြင်း ခံနေရသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ဆိုင်ရာအဖွဲ့က ပြောသည်။
 
စစ်သားအသစ် စုဆောင်းရခြင်းသည် ယခင်တုန်းကလို မိမိ၏ စိတ်ဆန္ဒအရ အရွယ်ရောက်သည့် လူငယ်များ စစ်တပ်ထဲသို့ ၀င်ရောက်လာခြင်းမရှိသောကြောင့် အရွယ်မရောက်သေးသည့် ကလေးများကို စီးပွားရေးလုပ်ငန်းတခုကဲ့သို့ ကလေးငယ်များကို ဖျားရောင်းခေါ်ဆိုပြီး တပ်ထဲသို့ အတင်းသိမ်းသွင်း နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရး ပညာပေးရေးအဖွဲ့မှ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါသည်။
 
၎င်းက “ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရက ဒီကေဘီအတပ်ကို နယ်ခြားစောင့်တပ်အနေနဲ့ သူတို့ထားဖို့အတွက် ပြင်ဆင်ထားတယ် ဒါကို ဒီကေဘီအေကလည်း လက်ခံထားတယ်။ ဒါပေမယ့် ဒီတပ်ရင်းတွေမှာ ရှိသမျှစစ်အင်အားက တကယ်တမ်းတပ်ရင်း တပ်ဖွဲ့အစစ်အမှန်အတိုင်း အင်အားမရှိတဲ့အတွက် ဒါကို ပြနိုင်ဖို့အတွက် အရွယ်မရောက်သေးတဲ့ လူငယ်ကို သွေးဆောင်ဖြားယောင်းတာပဲ ဖြစ်ဖြစ်၊ အတင်းအကြပ်စစ်ထဲကို ၀င်ခိုင်းတာပဲဖြစ်ဖြစ်၊ လုပ်ဆောင်တာကို တွေ့နေရပါတယ်။ ” ဟုပြောသည်။
 
ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစီးအရုံး(ကေအဲန်ယူ)ကို အမြစ်ပြတ်သုတ်သင်နိုင်ရန် လွတ်လပ်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (ဒီကေဘီအေ) အဖွဲ့မှ စစ်တပ်အင်အားသစ်များ ထပ်မံ စုဆောင်းရန် စစ်အစိုးရမှဖိအားပေးထားသောကြောင့် ယခုလို အသက်မပြည့်သော ကလေးငယ်များ တပ်ထဲသို့ဝင်နိုင်ရန် လှည့်စားခြင်းခံနေရသည်ဟု ဆိုသည်။
 
ကရင်ဘက်မှာ ကလေးစစ်သားများ စုဆောင်းရေးများ စတင်နေသလို ကရင်နီပြည်ဘက်မှာလည်း စစ်သားအသစ် စုဆောင်းမှုတွေရှိနေသည်ဟု ကရင်နီ ပြည်ထဲရေး ဒု-တာဝန်ခံ ဘားမားနိုင်က ပြောသည်။

၎င်းက “ ကရင်နီပြည်နယ် စုစည်းကျေးရွာတွေမှာ စစ်တပ်ကပေါ့ ကလေးတွေကို အလုပ်ရှာပေးမယ်ဆိုပြီး သွားတော့ အလုပ်မရှာပေးပဲနဲ့ လေ့ကျင့်ရေးစခန်းထဲကို ရောက်သွားတယ်လေ။မိဘတွေကြားရတော့ သွားပြန်ရွေးတယ် ပိုက်ဆံ သိန်းနဲ့ ပြန်ရွေးရတာ။ ပြန်မရွေးနိုင်တဲ့သူတွေကတော့ အဲ့မှာ ရှိနေတုန်းပဲ။ ဒါက နွားလပိုး စုစည်းကျေးရွာမှာ ၂-၃ ယောက်လောက်ရှိပြီ။ ” ဟု ပြောသည်။
 
မြန်မာနိုင်ငံ အော်လံမြို့၌ ပြီးခဲ့သည့်လ (၃) ရက်နေ့မှ စတင်၍ စစ်သားသစ်စုဆောင်းရာမှာ ပြန်ပြေးဆွဲသည့် ပုံစံမျိုးဖြင့် ဖမ်းဆီးနေမှုများကြောင့် ရွာသားများ အထိတ်တလန့်ဖြစ်နေကြရပြီး ယနေ့ထိ ဖမ်းဆီးထားသည့် လူငယ် (၆၀) ကျော် ရှိသွားပြီဖြစ်ကာ ၎င်းလူငယ်များကို ပြန်ရွေးမည်ဆိုပါက ငွေကြေးတောင်းဆိုမှုတွေ ရှိသည်ဟုသိရသည်။