နယ်မြေအေးချမ်းပါက ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့မှာဖြစ်သည်ဟု ထိုင်းဘက်က ပြောဆိုထား သော်လည်း အခုတလော ထွက်ပေါ်သည့် သတင်းအရ ထိုင်းဘက်က ၎င်းစစ်ပြေး ကရင်ဒုက္ခသည်များကို နေရပ်သို့ အတင်းပြန်ခိုင်းနေတာတွေရှိကြောင်း ကြားသိရသည်။
ထိုင်းဒေသအာဏာပိုင်များက စာဖြင့်၊ ပေဖြင့် တရားဝင်ပြန်ခိုင်းခြင်းမျိုးမဟုတ်သော်လည်း တဖက်မှပြန်ပြီးတော့ စဉ်းစားလျှင် အတင်းပြန်ခိုင်းသည့် သဘောတက်ရောက်နေသည်ဟု ကရင်အမျိုးသမီး အစည်းအရုံး (ကေဒဗလှူအို) အထွေထွေအတွင်းရေးမှူး နန်းအဲကလယ်က ပြောသည်။
“ဒီမှာဆက်နေမယ်ဆိုရင် စားဝတ်နေရေး အခက်အခဲနဲ့ တွေ့လိမ့်မယ်။ တီဘီဘီစီကလည်းပဲ အလုံအလောက် ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး။ နောက်နေရာထိုင်ခင်းအတွက်ဆိုရင်လည်း နေစရာနေရာမရှိဘူး။ လုံခြံုရေး အတွက်လည်းမရှိဘူး။ ဒါကြောင့် ဒီမှာမနေပဲနဲ့ ကိုယ့်ရဲ့နေရပ်ကို ပြန်ဖို့ သင့်တယ် ဆိုတာကို သူတို့တွေက တကြိမ်မက။ နှစ်ကြိမ်မက။ သုံးကြိမ်မက အဲလိုမျိုးပြောလာတာဟာ ဖိအားပေး ပြီးတော့ အိမ်ပြန်ဖို့ကိုတော့ ပြောတယ်လို့ပဲ ကျမတို့ကမြင်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသွားပါသည်။
ထို့အပြင် တာ့ခ်ခရိုင်မှာ စစ်ပြေးဒုက္ခသည် အဖြစ်လာရောက်ခိုလိုနေသည့် ဒုက္ခသည်တဦးက “ထိုင်းစစ်သားတွေက ကျနော် တို့ကို တိုက်ပွဲမရှိတော့ဘူး။ ရွာပြန်လို့ရတယ်ဆိုပြီး အတင်းအိမ်ပြန်ခိုင်းနေတယ်။ ဟိုမှာက အခြေအနေလည်း မကောင်းသေးဘူး။ ဒီကေဘီအေနဲ့ ဗမာစစ်သားတွေက ရှိနေတုန်းပဲ။ မိုင်းတွေလည်းထောင်ထားတယ်။ ဘယ်လို လုပ်ပြန်လို့ရမလဲ” ဟု ပြည်ပသတင်းဌာနတခုမှာ ပြောဆိုသွားခဲ့ပါသည်။
သို့သော် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် ထိုင်းအာဏာပိုင်ဘက်မှ ပြောဆိုချက်အရ ယခုလို သတင်းထွက်နေတာ မဟုတ်ကြောင်း၊ ထိုင်းဘက်မှ အတင်းအဓမ္မပြန်ခိုင်းခြင်းမရှိကြောင်း ဒုက္ခသည်များတို့၏ သဘောအတိုင်းသာ ဖြစ်သည်ဟု ခေတ်ပြိုင်သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။
ကရင်အမျိုးသမီးအစည်းအရုံးမှ နယ်မြေအေးချမ်းမှု မရှိသေးသည့်ကာလအတွင်း ၎င်းစစ်ပြေးဒုက္ခသည်များကို နေရပ်သို့ပြန်မပို့သေးရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတဆင့် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းပေးရန် တောင်းဆိုထားခြင်းများရှိသည်။
တောင်းဆိုထားသည့် ကြောညာချက်ထဲတွင် ထွက်ပြေးခိုလှုံလာသည့် ဒုက္ခသည်များကို မိမိနေရပ်သို့ ပြန်လည် နေထိုင်ခြင်းနှင့် ပတ်သက်ပြီး ဒီကေဘီအေဘက်မှ ကမ်းလှမ်းမှုများရှိနေသော်လည်း ဒုက္ခသည်များ မိမိနေရပ်သို့ ပြန်သွားမည်ဆိုလျှင် အတင်းအဓမ္မပေါ်တာထမ်းခြင်း၊ အသက်အရွယ်အလိုက် နယ်ခြားစောင့်တပ်များသို့ တာဝန် ထမ်းဆောင်ရခြင်းများနှင့် ရင်ဆိုင်ရမည်ဟု ရေးသားဖော်ပြထားပါသည်။
၎င်းအခြေအနေနှင့်ပတ်သက်ပြီး (ကေဒလျူအို) အတွင်းရေးမှူး၏ ပြောပြချက်အရ ယူအဲန်အိတ်ချ်စီအာနှင့် ထိုင်းဒေသအာဏာပိုင်များ ဒုက္ခသည်များကို ယာယီခိုလိုနေထိုင်ခွင့်ပေးဖိုအတွက် ကြိုးစားဆွေးနွေးနေတုန်းဟု ပြောပါသည်။
ယခုလဆန်းပိုင်း ၂ ရက်နေ့မှစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တပ်မဟာ (၇) ဒေသတွင်း၌ ဒီကေဘီအေနှင့် စစ်အစိုးရတပ်တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခဲ့မှုကြောင့် ကရင်ရွာသားဒုက္ခသည် (၄ဝဝဝ) ခန့် ထိုင်းဘက်သို့ထွက်ပြေးလာခဲ့ကြပြီး ထိုင်းဘက်မှ ဒုက္ခသည်များ ယာယီခိုလိုနိုင်ဖို့အတွက် တာ့ခ်ခရိုင်အတွင်း စခန်း (၃) ခု ဖွင့်လှစ်ပေးထားသည်ဟု သိရသည်။