ကရင်နီပြည်ရှိ လွိုင်ကော်မှ အောင်ပန်းသို့ ပြေးဆွဲနေသောရထားများသည် ပြည်သူလူထုခရီးသည်များ သွားလာရေးထက် စစ်တပ်များ သွားလာရေးကို ဦးစားပေးတင်ပို့ပေး နေရပြီး ရထားလမ်းကို ရွာသားများ ကင်းစောင့်ပေးနေရသည်ဟု လွိုင်ကော် အခြေစိုက် ရထားပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတဦးကပြောသည်။
၎င်းက “ပြည်သူ ခရီးစဉ်ထက်စစ်တပ် ခရီးစဉ်ကို အဓိကထားနေလို့ပါဘဲ၊ ရထားလမ်း တစ်လျှောက်လူထုကို အဓမ္မ ကင်းစောင့်ခိုင်း ပါတယ်။ လူထု ရထားလမ်း ကင်းတာဝန် ပျက်ကွက်ရင် ရိုက်နှက်ခြင်းကို စစ်တပ် မကြာခဏလုပ်လေတော့ စိတ်ချမ်းမြေ့မှု ရှိပါမ လား” ဟုပြောသည်။
ခရီးသည်ရထားသယ်ယူပို့ဆောင်ရေးကို စစ်တပ်ကယခုလိုအတော်များများ နေရာယူအသုံးပြုလာမှုကြောင့် ကရင်နီလက်နက်ကိုင် အဖွဲ့တို့၏ ပစ်ခတ်မှုအန္တာရယ်ကို ကာကွယ် ပေးနိုင်ရန် ရထားလမ်းဘေးရှိ ကျေးရွာများကို တရွာလျင် (၅)ယောက်စီ ကင်းစောင့်ခိုင်း သည်ဟု ဆိုသည်။
“ရထားလမ်းပြီးစီးနောက်ပိုင်း ပြည်သူလူထု ထက် စစ်တပ် ပြောင်းရွေ့မှုကိုပိုမိုသုံးစွဲပြီး နေတာပါ။ အဓိက စစ်တပ် အတွက် ဖောက်လုပ်တာ ဖြစ်ပါတယ်။ ဘာကြောင့်ပြော နိုင်သလဲဆိုတော့ နေ့စဉ်ထွက်ခွာတဲ့ ရထားအစီစဉ်တိုင်းမှာ စစ်တပ် အတွက် ရထားတွဲ (၃)တွဲအမြဲပါရှိလို့ပါဘဲ” ဟု စစ်အစိုးရနှင့် အပစ်ရပ် ယူထားသော ကရင်နီ အပစ်ရပ် အဖွဲ့ဝင်တဦးက ပြောပါသည်။
မိုင် ၁၃၅ ရှည်သည့် ထိုရထားလမ်းကို ပြီးခဲ့သည့် ၁၉၉၀-၉၁ ခုနှစ်မှ စတင် တိုင်းထွာပြီး ၁၉၉၄ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သည်။
ထိုလမ်းဆောင်လုပ်ချိန်တွင် လွိုင်ကော်အခြေစိုက်(ဒကစ)မှူးဗိုလ်ချုပ်မောင်ကြည်၏ အမိန့်ဖြင့် အနီးအနားရွားများအား အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ငွေကြေးကောက်ခံ မှုများအပြင် အဓမ္မ ရွှေ့ပြောင်းခံရသော အိမ်ခြေ မှာ ၄၅၀ အိမ်ကျော်ရှိခဲ့ပြီး ရပ်ကွက် အသစ်အနေဖြင့် မိုင်းလုံးရပ်ကွက်(ခ)သို့ အိမ်ခြေ(၁၅၀)ကျော်ကို ရွေ့ပြောင်းခို်င်းကာ ကျန်အိမ်ခြေ (၃၀၀) ကျော်ကို ကြည်သာယာ ရပ်ကွက် အဖြစ်ပြောင်းခိုင်းလိုက်သည်ဟု ကရင်နီအပစ်ရပ်အဖွဲ့တဖွဲ့မှ စုဆောင်းထားခဲ့သော သတင်းအချက်အလက်များ အရသိရသည်။
Published
Friday, June 19, 2009 - 20:39
စစ်တပ်အသုံးပြုသော ရထားလမ်းကို လူထုများ ကင်းစောင့်ပေးနေရ
ကရင်နီပြည်ရှိ လွိုင်ကော်မှ အောင်ပန်းသို့ ပြေးဆွဲနေသောရထားများသည် ပြည်သူလူထုခရီးသည်များ သွားလာရေးထက် စစ်တပ်များ သွားလာရေးကို ဦးစားပေးတင်ပို့ပေး နေရပြီး ရထားလမ်းကို ရွာသားများ ကင်းစောင့်ပေးနေရသည်ဟု လွိုင်ကော် အခြေစိုက် ရထားပို့ဆောင်ရေး ...