ကရင်ပြည်သူအပေါ် တိုက်ခိုက်မှု ရပ်တန့်ရေး နိုင်ငံတကာ ဖိအားပေးရန် ကေဒဗလျူအို တောင်းဆို

ကရင်ပြည်သူအပေါ် တိုက်ခိုက်မှု ရပ်တန့်ရေး နိုင်ငံတကာ ဖိအားပေးရန် ကေဒဗလျူအို တောင်းဆို
by -
ပါးရယ်
ကရင်တိုင်းရင်းသား ပြည်သူများအပေါ် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) တို့၏ ထိုးစစ်ဆင်ခြင်း ရပ်တန့်သွားရေးအတွက် ကုလသမဂ္ဂကောင်စီ အပါအဝင် နိုင်ငံတကာ အစိုးရများလည်း ကြားဝင်ဆောင်ရွက် ...

 
ကရင်တိုင်းရင်းသား ပြည်သူများအပေါ် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) တို့၏ ထိုးစစ်ဆင်ခြင်း ရပ်တန့်သွားရေးအတွက် ကုလသမဂ္ဂကောင်စီ အပါအဝင် နိုင်ငံတကာ အစိုးရများလည်း ကြားဝင်ဆောင်ရွက်ပြီး ပိုမို၍ ဆော်သြပေးရန် ကရင်အမျိုးသမီး အစည်းအရုံး (ကေဒဗလျူအို) မှ ပြီးခဲ့သည့် အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။
 
ဒေသခံပြည်သူများအား အကာအကွယ် မရှိသည့် ဘဝနှင့် ဆင်းရဲတွင်းသို့ ကျရောက်ရန် တွန်းပို့နေခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်ဖြစ်၍ ယင်းကိစ္စအား ဆန့်ကျင်ရေးအတွက် တောင်းဆိုလိုက်ရ ခြင်းဖြစ်သည် ဟု  ကေဒဗလျူအို အထွေထွေအတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က ပြောသည်။
 
၎င်းက “စစ်က အဓိကအားဖြင့် ပြည်သူလူထုတွေပဲ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်၊ နောက် အိုးအိမ်ကို စွန့်ခွာခဲ့ရ တယ်၊ သူတို့တွေဟာ လုပ်ကိုင်စားသောက်နိုင်ရင်းနဲ့ သူတို့ နေရာတွေကို စွန့်ခွာခဲ့ရတယ်၊ တချိန်တည်းမှာပဲ စစ်ဒဏ်ကြောင့် သူတို့တွေဟာ ဒုက္ခအမျိုးမျိုး ခံစားနေရတယ်၊ သူတို့တွေရဲ့ ဘဝလုံခြံုမှုတွေလည်း မရှိနေဘူး” ဟု ပြောသည်။
 
နိုင်ငံတကာ၏ အကူအညီများကို ယင်းကဲ့သို့ တောင်းဆိုထားခြင်းသည် မည်မျှထိ ထိရောက်မှု ရှိနေခြင်းကို မသိရ သော်လည်း မြန်မာပြည်အရေးကို ၎င်းတို့ ပူပေါင်းပါ၀င်လာမည်ဆိုလျှင် မျှော်လင့်ချက် တစုံတခုတော့ အောင်မြင် လိမ့်မည်ဖြစ်ကြောင်း နန်းဒါးအဲ့ကလယ်က ဆက်လက်ပြောကြားသွားပါသည်။
 
လက်ရှိ ထိုးစစ်ဆင်နေသော စစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်များ အနေဖြင့် ကရင်ပြည်နယ် ကျေးလက် တောရွာများမှ ပြန်လည် ဆုတ်ခွာပေးရန်၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲပေးရန်နှင့် အလားတူ ထိုင်းအစိုးရ အနေဖြင့် ထွက်ပြေးရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များအား ကာကွယ် စောက်ရှောက်မှု ဆက်လက်လုပ်ဆောင်ပေးပြီး ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးရန် တောင်းဆိုထားသည်။
 
ထွက်ပြေးလာသော ကရင်ဒုက္ခသည်များအနက် အများစုမှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်ကြပြီး အသက်ဆယ့်သုံးနှစ်အောက် ကလေးငယ်များမှာ ၈၀၀ ကျော်ခန့် ပါ၀င်နေကြောင်း၊ မြောက်များစွာသော နို့စို့ ကလေးများနှင့်  ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ၂၀ ကျော် ပါ၀င်နေသည်ဟု ကေဒဗလျူအို ထုတ်ပြန် ကြေညာချက်တွင် ရေးသားထားပါသည်။
 
ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန် ကလည်း “လူတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးလာ ကြရတာ ခြေကုန်လက်ပမ်းကျကုန်ပြီ၊ နှစ်ရက်သား ကလေးကို သယ်ပိုး ပြေးလွှားခဲ့ရတဲ့ မိခင်တစ်ဦးရဲ့ ရင်ဆိုင် ဖြတ်သန်းမှုကို တွေ့ရတာ ၀မ်းနည်း မိသလို နအဖနဲ့ ဒီကေဘီအေ တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်” ဟု ကြေညာချက်တွင် ပြောထားသည်။
 
ကရင်လူမျိုးများအား အမြစ်ပြတ် ချေမုန်းရေးအတွက် အခါအားလျော်စွာ စစ်အစိုးရတပ်မှ တိုက်ခိုက်နေလျက် ရှိကာ သံသရာလည်နေသည့် အရပ်သား ပြည်သူများ၏ နေရပ်စွန့်ခွာမှုနှင့် ရင်ဆိုင်ခံစားရမှုများမှာ အဆုံးသတ်ရန် လိုအပ်ပြီဟု ဖော်ပြထားသည်။
 
ယခုလဆန်းပိုင်း ၂ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းတွင် စစ်အစိုးရတပ် တပ်ရင်း ၅ ရင်းနှင့် ဒီကေဘီအေ တပ်ရင်း ၃ ရင်းတို့၏ တိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၂၀ နှင့် ရွာသူရွာသား ၄၀၀၀ နီးပါးမှာ ၎င်းတို့ အိုးအိမ်များ စွန့်ခွာခဲ့ရပြီး ထိုင်းနယ်မြေဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

Most read this week