ကုလမှ ကလေးစစ်သားနှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးခြင်းမရှိ KnPP လက်မခံနိုင်

ကုလမှ ကလေးစစ်သားနှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးခြင်းမရှိ KnPP လက်မခံနိုင်
by -
နှောင်းလှိုင်း
ကေအဲန်ယူနှင့်ကေအဲန်ပီပီ အဖွဲ့တို့၌ ကလေးစစ်သားအသုံးပြုမှုရှိ၊ မရှိ ပဋိပက္ခနှင့် ကလေးများဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူးမှ မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်အကန့်အသတ်ကြောင့် လာရောက်စစ်ဆေးမှုများမပြုလုပ်နိုင်ဟူသော အကြောင်းပြကို လက်မခံနိုင်ဟု ကေအဲန်ပီပီက ဆို ...

ကေအဲန်ယူနှင့်ကေအဲန်ပီပီ အဖွဲ့တို့၌ ကလေးစစ်သားအသုံးပြုမှုရှိ၊ မရှိ ပဋိပက္ခနှင့် ကလေးများဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူးမှ မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်အကန့်အသတ်ကြောင့် လာရောက်စစ်ဆေးမှုများမပြုလုပ်နိုင်ဟူသော အကြောင်းပြကို လက်မခံနိုင်ဟု ကေအဲန်ပီပီက ဆိုသည်။

“သူတို့လာရောက်စစ်ဆေးလို့ရပါတယ် သူတို့ အနေနဲ့ တကယ်တမ်း အခိုင်အမာ သတင်းအတိအကျ လိုချင်တယ် ဆိုလို့ရှိရင် သူတို့က တရားဝင် သူတို့အနေနဲ့လုပ်ချင်တယ် လို့တခုတည်းကိုပဲ ကိုင်စွဲနေရင်တော့။ ကျနော်ထင်တယ် နအဖရဲ့ အလိုကျပဲ သူတို့ လုပ်တာက လွဲရင်တော့ သူတို့က အမှန်တရားကို ရရှိမှာ မဟုတ်ဘူးဆိုတာ ကျနော်ပြောရဲတယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

ကလေးစစ်သားအသုံးပြုမှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကရင်နီပြည်တပ်မတော်သည် ကလေးစစ်သား အသုံးပြုမှု မရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့ လာရောက််စစ်ဆေးပြီး ဆွေးနွေးနိုင်ကြောင်း ကေအဲန်ပီပီက ပြောသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏  နောက်ဆုံးအစီရင်ခံစာထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးနှစ်ဦးမှ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် ကရင်နီတပ်မတော်အတွင်းသို့ရောက်ရှိလာသည်ကို လက်ခံထားပြီး မိဘများက ပြန်လည်တောင်းဆိုသော်လည်း ငြင်းဆိုခဲ့သည်ဟု ရေးသားထားတာရှိပါသည်။ ထို့အပြင် အစီရင်ခံစာအရ ကရင်နီတပ်တပ်စခန်းထဲတွင် ၎င်းကလေးများနှင့့် သက်တူရွယ်တူ ကလေးအယောက် ၂ဝ နီးပါးလောက်ရှိကြောင်း ရေးသားထားပါသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး ကေအဲန်ပီပီမှ ကုလသမဂ္ဂအပေါ်သံသယရှိသည့်အတွက်ကြောင့် ကြေညာချက် နောက်ထပ်ထုတ်ပြန်ဖို့ အစီအစဉ်ရှိပြီး ထိုဖြစ်ပျက်သော အနေအထားအပေါ် မူတည်ကာ ရေးသားသွားမည်ဖြစ်ပြီး အမှန်အကန်အဖြစ် အတိအကျ ရေးသားမှာ ဖြစ်သည်ဟု ဆိုပါသည်။  

ကလေးများ အသက်မပြည့်မချင်း ကလေးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး ခံစားခွင့် အနေအထားများနှင့် မည်သို့ကာကွယ် ပေးသင့်သည်ကို နားလည်ကြောင်း၊ ထို့အတွက်ကြောင့် ကေအဲန်ပီပီအနေဖြင့် ကလေးစစ်သားစုဆောင်းရန် ပေါ်လစီ မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်၃ဝ ကာလတုန်းက အသက်မပြည့်သည့် ကလေးတချို့ ကရင်နီတပ်မတော တပ်သားထဲတွင်ရှိပြီး ထိုကလေးများသည် များသောအားဖြင့် ဗာမာစစ်သားများ၏  ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အတင်းခိုင်းစေမှုများကြောင့် ကြံုတွေ့ခဲ့ရသော အခြေအနေ အပေါ်မှာ လက်တုံ့ပြန် လက်စားချေ ချင်သည့် ရည်ရွယ်ချက်နဲ့ ကေအဲန်ပီပီ တပ်မတော်ထဲသို့ ဝင်လာခြင်းဖြစ်သည်ဟု ကေအဲန်ပီပီမှ အတွင်းရေမှူး (၁) က ဆက်ပြောပါသည်။

၎င်းက “ကျနော်တို့ ခပ်များများ စာသင်ကျောင်းကိုပဲ ပြန်ပို့တာ ရှိတယ်လေ ဥပမာ အရင်တုန်းက ဆိုလို့ရှိရင် ကျနော်တို့ ဘော်ဒါဆောင် တွေဖွင့်ပြီးတော့ သူတို့ကို တကုတက ကျောင်းပြန်ပို့ရတယ်ရှိသလို တချို့ကလည်းတခြားသော သူတို့ကို ဒီအသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်နိုင်မယ့်ဟာလေးတွေ လုပ်ဖို့အတွက်လည်း ကျနော်တို့တွန်းပို့ရတာရှိတယ် ”ဟုဆိုသည်။

ကလေးစစ်သားများ အသုံးပြုသည် human rights watch ( လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့) အစီရင်ခံစာကို အခြေပြုပြီး ကရင်နီ ပြည်တပ်မတော််ကို စတင် စွပ်စွဲပြောဆိုလာခြင်းဖြစ်သည်။

ကလေး စစ်သားအသုံးပြုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ကမ္ဘာတွင်နာမည် အကြီးဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊ ဝ စသော လက်နက်ကိုင်အဖွဲ့များလည်း ကလေးစစ်သား အသုံးပြုမှုစရင်းထဲတွင် ပါရှိသည်ဟု သိရသည်။