သုံးပွင့်ဆိုင်ဆွေးနွေးမှု နိုင်ငံတကာမှ စစ်အစိုးရအား ဖိအားပေးရန် ကေအဲန်ယူတောင်းဆို

သုံးပွင့်ဆိုင်ဆွေးနွေးမှု နိုင်ငံတကာမှ စစ်အစိုးရအား ဖိအားပေးရန် ကေအဲန်ယူတောင်းဆို
by -
ကို(၂)
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)မှ မြန်မာစစ်အစိုးရနှင့် သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း မိသားစုအား ဖိအားပေးရန် တောင်းဆိုထားသည့် ကြေညာချက်တစောင် ထုတ်ပြန် ...

ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)မှ မြန်မာစစ်အစိုးရနှင့် သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း မိသားစုအား ဖိအားပေးရန် တောင်းဆိုထားသည့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါသည်။

တိုင်းရင်းသားခေါင်းဆောင်များ၊ မြန်မာနိုင်ငံ  အနိုင်ရ နိုင်ငံရေးပါတီ (အဲန်အယ်လ်ဒီ)နှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးနိုင်ရန်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာနှင့် စစ်ရေးပြဿနာများကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာစစ်အစိုးရအား ဖိအားပေးကြရန် ပြီးခဲ့သည့် တနင်္လာနေ့က တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။

ယခုလိုသုံးပွင့်ဆိုင် ဆွေးနွေးနိုင်ရန် ကေအဲန်ယူဘက်က ထုတ်ပြန်ပြီး ကမ်းလှမ်းမှုများ ရှိသော်လည်း စစ်အစိုးရ ဘက်မှ တစုံတရာ တုန့်ပြန်ခြင်းမရှိသေးဟု ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်တာကပေါ ကပြောပါသည်။

“နအဖက အခုထက်ထိဘာမှကို မတုန်ပြန်သေးဘူး။ တိုင်းရင်းသားအဖွဲ့တွေကို လိုက်ဖြိုနေတယ်၊ ဒီမိုကရေစီအဖွဲ့ တွေကို လိုက်ဖြိုနေတယ်၊ အဲဒါကြောင့် နိုင်ငံတကာဖိအားရယ်။ စီးပွားရေးပိတ်ဆို့မှုရယ်။ ကျနော်တို့ စစ်ရေးအရ တိုက်ခိုက်မှုရယ် အဲလိုလုပ်နိုင်မှ နအဖက သုံးပွင့်ဆိုင်ထိုင်ပြီး စကားပြောလာမှာဖြစ်တယ်”

ဇွန်လ လဆန်းပိုင်းမှစတင်၍ မြန်မာစစ်အစိုးတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့  (ဒီကေဘီအေ) ပူးပေါင်းတပ်တို့သည် ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (ကေအဲန်အယ်လ်အေ) တပ်မဟာ (၇) တပ်စခန်းများကို ဆက်လက်တိုက်ခိုက် ထိုးစစ်ဆင်ခဲ့သည့်နောက် ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုနောက်ဆုံး သုံးပွင့်ဆိုင်ဆွေးနွေးနိုင်ရန် ကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး တောင်းဆိုချက်၊ ကမ်းလှမ်းချက်များ ရှိသော်လည်း အဘက်ဘက်မှ ပြင်ဆင်မှုလိုကြောင်း စောဒေးဗစ်တာကပေါက အခုလိုဆက်ပြောပါသည်။

၎င်းက “ ထိုင်ပြီးမျှော်နေလို့တော့မရဘူး၊ စစ်ရေးအရတိုက်တဲ့လူတွေကတိုက်။ သံတမန်ရေးအရ တိုက်တဲ့ လူတွေက တိုက်။ နိုင်ငံရေးအရ တိုက်တဲ့လူတွေကတိုက် အဲလိုတိုက်ရမှာ” ဟုပြောသည်။

ကေအဲန်ယူမှ ယခုလိုစစ်အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ရန်အတွက် ထုတ်ပြန်စာများ ထုတ်ခြင်း၊ ယူအဲန် မှလည်း စစ်အစိုးရ၊ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသားခေါင်းဆောင်များ သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ရန် စသည့် ကမ်းလှမ်းချက်များ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးသော်လည်း စစ်အစိုးဘက်မှ တစုံတရာလိုက်နာခဲ့ခြင်း မရှိခဲ့ဟု ဆက်လက်ပြောပါသည်။