လျှပ်စစ်မီး မရရှိသည့်အပြင် ငွေးကြေးလည်း ပြန်မရ

လျှပ်စစ်မီး မရရှိသည့်အပြင် ငွေးကြေးလည်း ပြန်မရ
by -
ပါးရယ်
မြန်မာစစ်အစိုးရမှ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မှီ ကယားပြည်နယ်ရှိ ကျေးရွာအချို့အား လျှပ်စစ်မီး သွယ်တန်းပေးရေး အစီအစဉ်သည် အကောင်အထည် ဖော်ခြင်းမရှိသည့်အပြင် ကျေးရွာများမှ ကောက်ခံခဲ့သော ငွေကြေးများလည်း ပြန်လည် ပေးဆောင်ခြင်းမရှိကြောင်း ဒေသခံများက ပြော ...

မြန်မာစစ်အစိုးရမှ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မှီ ကယားပြည်နယ်ရှိ ကျေးရွာအချို့အား လျှပ်စစ်မီး သွယ်တန်းပေးရေး အစီအစဉ်သည် အကောင်အထည် ဖော်ခြင်းမရှိသည့်အပြင် ကျေးရွာများမှ ကောက်ခံခဲ့သော ငွေကြေးများလည်း ပြန်လည် ပေးဆောင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

“ဘာမှ မလုပ်ဖြစ်ဘူး၊ မီးကြိုးတောင် မရှိတော့ဘူး ရွာထဲမှာ၊ ဘယ်နှစ်နှစ်တောင် ပြောထားပြီလဲ၊ ၁ဝ နှစ် ၁ဝ နှစ်ကျော်လောက် ရှိပြီ၊ နှစ်တိုင်းလိုလို လာပြောတယ်၊ တစ်နှစ်မှ မရဘူး၊ ရွာတိုင်းပဲ၊ နိုးကိုးအုပ်စုမှာ ကျေးရွာ ၁ဝ ရွာ ၁၁ ရွာလောက် ရှိတယ်၊ တစ်ရွာမှ မရဘူး၊” ဟု နိုးကိုးကျေးရွာအုပ်စုမှ ကယားညီခူ ရွာသားတစ်ဦးက ပြောသည်။

သွယ်တန်းရေးအတွက် ကောက်ခံခဲ့သော ငွေးကြေးများကို အချို့ရွာသားများမှ ပြန်တောင်းရာတွင် အသစ် ပြောင်းလာသော လွိုင်ကော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)မှူးမှ ၎င်းနှင့် သက်ဆိုင်ခြင်း မရှိဟုဆိုပြီး ဒေသခံများ လိုအပ်သော လျှပ်စစ်မီးနှင့် ပျက်စီးနေသော လမ်းများ မွမ်းမံရေးအတွက် လာရောက်မေးလေ့ရှိကာ လုပ်ဆောင်ပေးမည်ဟု ဆိုသော်လည်း အမှန်တကယ် ဆောင်ရွက်ပေးခြင်း မရှိဟု ထိုရွာသားက ပြောသည်။

မြန်မာစစ်အစိုးရမှ လျှပ်စစ်မီးရရှိရေးအတွက် စီစဉ်ပေးမည်ဟု ပြောထားသော်လည်း လူအများ သွားရောက် မြင်တွေ့မှုမရှိသည့် ကျေးရွာများမှာ မျှော်လင့်ချက်မရှိဟု ကရင်နီ ပြည်ထဲရေး ဌာနမှ ဒု-ဝန်ကြီး ဗမားနိုင်းက ပြောသည်။

၎င်းက “စစ်အစိုးရတို့ ပြောတဲ့ လျှပ်စစ်မီး စီမံကိန်း၊ ဘယ်နေရာမှာဆို မီးရရှိရမယ်၊ မီးလင်းရေး၊ မီးအားလုံးရရှိရေး သူတို့ ပြောတာတော့ ပြောတယ်၊ ဒါပေမယ့် သူတို့ ဆောင်ရွက်တာက သူများ မြင်သာတဲ့ နေရာ၊ မြို့ထဲမှာတို့ လမ်းမကြီး နာဘေးမှာတို့ပဲ လုပ်ပေးတယ်၊ တောရွာတွေက မရဘူး၊ မျှော်လင့်ချက် မရှိဘူး၊” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လတွင် လွိုင်ကော် ဒကစမှူးမှ လွိုင်ကော်မြို့ မြောက်ဘက်ရှိ ကျေးရွာ ဥက္ကဌများအား ခေါ်ယူကာ သိန်းပေါင်း (၄ဝဝ)ကျော် ကုန်ကျမည့် လျှပ်စစ်သွယ်တန်းရေး ကုန်ကျစရိတ်ကို ရွာသူ၊ သားများအား ဧပြီလမှ စ၍ ကောက်ခံခဲ့သည်။

ထို့နောက် လျှပ်စစ်မီးအတွက် ငွေကြေးကောက်ခံနေရသည့် ရွာများမှာ ကယန်းသာယာ၊ သပြေကုန်း၊ ထီရိ၊ နွားလဝိုး၊ မော်ချီးရွာရှောင်၊ နွားလဝိုးရွာရှောင်၊ ကယန်းကြခူ၊ ပဒါးညေး၊ ပကြဲစံပြ၊ လွယ်တမူ စသည့် ကျေးရွာများ ဖြစ်ပြီး အိမ်နေရာများ၏ တည်နေရာ အကွာအဝေးနှင့် အုတ်တိုင် အရွယ်အစား အပေါ် မူတည်၍ တစ်အိမ်ထောင် လျှင် (၆) သောင်းမှ တစ်သိန်းခွဲအထိ ကောက်ခံခဲ့ပါသည်။