ငရုတ်သီးမှုန့်ထဲတွင် ဆိုးဆေးအပြင် မှိုပါဝင်နေခြင်းကြောင့် လက်ဖက်၊ ငါးပိတို့ထက် ကျန်းမာရေးထိခိုက်မှု ပိုမိုဆိုးရွားနိုင်သည်ဟု ကျန်းမာရေး ပညာရှင်များ၊ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုနေကြပါသည်။
မြန်မာနိုင်ငံသားများ နေ့စဉ် ဟင်းချက်ပြုတ်ရာတွင် သုံးစွဲနေကြသည့် ငရုတ်သီးမှုန့်ကဲ့သို့သော အမှုန့်မျိုးစုံနှင့် မကင်းကြပေ။ ထို့ကြောင့် ယခု ငရုတ်သီးမှုန့်များကို သုံးစွဲခြင်းဖြင့် လူ၏ အသည်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်စေသည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအမှုန့်ထဲတွင် ဆိုးဆေးအပြင် (Alfatoxin) ဟုခေါ်သည့် ဆိုးကျိုးဖြစ်စေနိုင်သည့် မှိုအမျိုးအစား ဝင်လာခြင်းကြောင်းနှင့် ယင်းမှိုသည် ကင်ဆာဖြစ်ခြင်းများကို အားပေးခြင်းကြောင့် သတိထားပြီး သုံးစွဲသင့်သည်ဟု ဆိုပါသည်။
“ငရုတ်သီးမှုန့် ၉ဝ ရာခိုင်နှုန်းကျော်မှာ ဆိုးဆေးကင်းရှင်းတယ် ကျန်းမာရေးအရသင့်တော်တယ် ပြောဖို့က အများကြီး သတိထားသက်သေပြရမယ့် ကိစ္စဖြစ်တယ်၊ ငါးပိတို့၊ လက်ဖက်တို့ရဲ့ ပါဝင်မှုနဲ့ ယှဉ်ရင် နေ့စဉ်စားသောက်မှုတွေထဲမှာ ငရုတ်သီးမှုန့်မပါတာ မရှိပါဘူး။ သေသေချာချာ စီစစ်သင့်ပါပြီ။” ဟု ဆရာဝန် ဂျာနယ်လစ်တဦးက ပြည်တွင်းထုတ် ဂျာနယ်စာစောင်မှာ ပြောဆိုသွားပြီး ဖော်ပြပေးသွားခြင်း ဖြစ်သည်။
အယ်လ်ဖာတောက်ဆက် မှိုအမျိုးအစားများထဲမှ ပါသည့် မှိုတမျိုးဘဲဖြစ်ပါသည်။ ၎င်းအဆိပ်သင့်မှုသည် နှစ်မျိုးရှိသည်ဟု ဆိုပါသည်။ ဗြုန်းကနက် လူကိုသေစေနိုင်သလို တဖြည်းဖြည်းခြင်းဖြင့်လည်း လူတွေကို သေစေနိုင်သည်ဟု ပြင်သစ်အခြေစိုက် IARC ( International Agency of Preserve On Cancer ) အဖွဲ့မှ သုတေသနပြုစုချက်အရ သိရှိရသည်။
လူထုများစားသုံးနေသည့် အစားအစာများထဲတွင် နှမ်းဖတ်ချဉ်နှင့် ငရုတ်သီးမှုန့်များတွင် ကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်းပိုများသည့် လက္ခဏာရှိသည်ဟု သိရပြီး၊ ယိုးဒယား (ခေါ်) ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တွင် အဖြစ်များသည်ဟု သိရသည်။ ငရုတ်သီးမှုန့်အပြင် မှိုတက်သည့် ဆန်တွေစားသုံးခြင်းဖြင့်လည်း ကင်ဆာရောဂါ ဖြစ်တတ်သည်။
လွန်ခဲ့သော ဧပြီလ အစောပိုင်းတွင်လည်း ငါးပိတွင် ဆိုးဆေးတမျိုးဖြစ်သည့် Rhodamine B များပါဝင်နေသည့် အတွက်ကြောင့် ရောင်းဝယ် စားသုံးခြင်းများ မပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်ထားပြီး စားသုံးသူများသည် ငပိအပြင် ငရုတ်သီးမှုန့်ကိုပါ ဆိုးဆေးများပါရှိကြောင်း သိရှိလာခဲ့ပြီးနောက် နေ့စဉ် အစားသောက်များအပေါ် စိုးရွံ့လာနေကြကြောင်း စားသုံးသူများက ပြောသည်။
ယခုလို ငရုတ်သီးမှုန့်များတွင် ဆိုးဆေးပါသည်ဟု သိရသည့်စားသုံးသူများသည် အသုံးပြုနေသူများ၊် စားသုံးသူများကို မငဲ့ကွက်တော့ဘူးလားဆိုသည့် မေးခွန်းများ ထုတ်လာနေကြပါသည်။
မကြာသေးမှီက တိုင်းရင်းဆေးအပြင် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် စားသောက်ကုန် ၂ မျိုးဖြစ်သည့် လက်ဖက် အမျိုးအစားပေါင်း ၁ဝဝ ကျော်နှင့် ငါးပိအမျိုးအစားပေါင်း ရဝ ကျော်တို့မှာ အန္တာရာယ်ကြီးသည့် ဆိုးဆေးများပါရှိကြောင့် ကျန်းမာရေးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ လက်ဖက်နှင့် ငါးပိများတွင် ဆိုးဆေးများ ထည့်သွင်းသုံးခြင်းကို သိရသည့် စားသုံးသူများက အလွန်ပင်အံ့သြခဲ့ကြပြီး၊ အစားအစာများတွင် အရောင်လှလှလေးများဖြင့် ပြုလုပ်ထားသည့် စားသုံးကုန်မှန်သမျှ ဆိုးဆေးများ ပါဝင်နေမှာသေချာသည်ဟု သံသယရှိ နေကြဆဲ ဖြစ်သည်။