ကရင်နီပြည်တွင် ကောက်ပဲသီးနှံများ အဆမတန် စျေးကျသည့်အပြင် ဝယ်ယူသူများ မရှိသည့် အတွက်ကြောင့် သီးနှံစိုက်တောင်သူ၊ လယ်သမားများ စားဝတ်နေရေး အခက်အခဲနှင့် ကြံုတွေ့နေရပြီး အချို့မိသားစုမှာ ၎င်းတို့၏ သားသမီးများအား ကျောင်းထုတ်လိုက်ရသည့် အဆင့်ထိ ရှိနေသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မြေပဲစျေးမှာ ၁ပိဿာကို ၁၆ဝဝကျပ် ရောင်းရပြီး ယခုနှစ်တွင် ၁ပိဿာကို ရဝဝကျပ် စျေးရှိသော်လည်း ဝယ်မည့်သူတောင် မရှိတော့ကြောင်း၊ စပါး၊ပြောင်းကောက်နှင့် အခြားခြံထွက်သီးနှံများကိုလည်း ကျေးရွာဥက္ကဌ၊ အုပ်စုဥက္ကဌ၊ အခြားသောလူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များကိုလည်း အလကား ပေးဆောင်နေရကြောင်း၊ သီးနှံအချို့ကို အရှုံးခံရောင်းပြီး ဆန်ဝယ်စားသောကြောင့် မိသားစု စားဝတ်နေရေး မလုံမလောက်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု ပြဿနာများ အဓိက ရင်ဆိုင်နေကြရသည့် ကရင်နီပြည် ဒီမောဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှ ဒေသခံများက ဆိုသည်။
ညီအစ်ကိုယ် မောင်နှစ်မ ၁ဝ ဦး ရှိသည့်အနက် ၃ ဦးသာ ယခုပညာသင်နှစ်တွင် ကျောင်းဆက်တက်နိုင်ခွင့် ရှိမည့် မိသားစုဝင်ထဲမှ ကျောင်းသားတဦးက ၎င်းတို့၏ အခက်အခဲနှင့် ပတ်သက်ပြီး ယခုလို ရှင်းပြသည်။
“ဒီနှစ် ကျနော်တို့ မြေပဲဆံ ပုံး ၃ဝ စိုက်ပါတယ်၊ ပုံး ၂ဝဝ လောက် ထွက်ပါတယ်၊ ကျွှဲ ၃ ကောင် ငှားပါတယ်၊ ၁ ကောင်ကို ၈ သောင်း ပေးရတယ်၊ လူငှားလည်း ထမင်းကျွေး တနေ့ကို ၂ ထောင်ကျပ် ပေးရပါတယ်၊ အခုလို မြေပဲစျေးကျတော့ အရမ်းရှုံးပါတယ်၊ လုပ်အားခနဲ့ အရင်းလောက်တောင်် ပြန်မရပါဘူူး၊ ကျနော်တို့က တနှစ်လုပ်မှ တနှစ်စားရတာဆိုတော့ အရှုံးခံပြီး စားဝတ်နေရေး ဖြေရှင်းနေရတော့ ကျောင်းမတက်နိုင်တော့ဘူး၊ ကျနော်တို့ ၃ယောက်ပဲ ကျောင်းဆက်တက်နိုင်ပါတယ်။ အဲဒါတောင်မှ ဘုန်းကြီး(xxxx) ဆီ အတိုးမရှိပဲ ငွေချေးပြီး ကျောင်းတက်ရတာ၊ နောက်နှစ်သီးနှံပေါ်ချိန် ပြန်ဆပ်ရမှာပါ၊ ကျန်မောင်နှမတွေကို ကျောင်းထွက်ခိုင်းရပါတယ်”
ဒီမောဆိုမြို့နယ်နေ လယ်ယာလုပ်ကိုင်စားသောက်နေရသော ဒေသခံတဦးကလည်း “အရင်နှစ်က မြေပဲစျေးကောင်းလို့ ဒီနှစ်အားလုံးလိုလိုပဲ မြေပဲပဲစိုက်ကြတယ်လေး၊ သိပ်တော့ မအောင်မြင်ဘူး ဖြစ်နေတယ်၊ မောင်နှမကတော့ ၉ ယောက်ရှိတယ်၊ မောင်နှမထဲက ၃ယောက်ကို စေတမန် ဘော်ဒါဆောင်မှာ ထားပြီး ကျောင်းထားခဲ့ပါတယ်၊ အခုတော့ မထားနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဖေနဲ့အမေက ငှက်ဖျားခဏခဏ ဖျားတယ် ပြီးရင်အမေက ဝမ်းရောဂါ ဖြစ်ပြန်တယ်။ ဒါနဲ့ပဲဆေးကုဖို့၊ ဆေးဝယ်ဖို့ငွေလိုတယ်၊ ပြုစုမဲ့သူလဲ လိုတယ်အလုပ်လုပ်မဲ့ သူလဲလိုတာနဲ့ စိတ်ဓါတ်တွေကျပြီး ကျောင်းထွက်ခိုင်းလိုက်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်များက မြေပဲစျေးကောင်းသောကြောင့် တောင်သူလယ်သမား အများစုသည် မြေပဲကို ယခင်နှစ်များကထက် နှစ်ဆပိုမို စိုက်ပျိုးကြောင်း၊ မြေပဲကိုသာ အဓိကစိုက်ပျိုးသော ဒီမောဆိုနှင့် ဖရူဆိုမြို့နယ်အတွင်းမှ ရွာများကို်ပို၍ ဒုက္ခနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ထို့အပြင် စစ်အစိုးရမှ တဖက်လှည့်ဖြင့် တောင်သူလယ်သမားများ၏ ငွေကြေးများကို သိမ်းဆည်းနေသည်ဟု ဖရှုဆိုမြို့တွင် နေထိုင်သော ဒေသခံတစ်ဦးက သူ့ရဲအမြင်သဘောထားကို ယခုလိုပြောသွားပါသည်။
၎င်းက “နအဖအစိုးရက နာဂစ်ကို အသုံးချပြီး ဆိုင်ကယ်လိုင်စင်ထုတ်ပေးတယ်၊ တစီးကို ၁သိန်း၊ ၁သိန်းခွဲ၊ ၂သိန်းအမျိုးအစားပေါ် မှုတည်ပြီး လိုင်စင်လုပ်ပေးပါတယ်၊ ဓာတ်ဆီတော့ မချပေးပါဘူး၊ နာဂစ်မုန်းတိုင်း ခံသူတွေအတွက် သုံးလားမသုံးလားတော့ မသိဘူး၊ ကျနော်တို့ ပြည်သူတွေရဲ့ ငွေကဒီမှာပဲ ဝင်ကုန်တာပဲ။ ဒါကြောင့်လည်း ငွေရှားပါးပြီး ကျနော်တို့သီးနှံတွေလည်း စျေးကျကုန်တာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံအား နိုင်ငံတကာမှ စစ်မှန်သော ဒီမိုကရေစီ ရရှိရန်ရည်ရွယ်ပြီး သုံးပွင်ဆိုင် ဆွေးနွေးနိုင်ရန် စီးပွားရေး ပိတ်ဆို့မှုကြောင့် ပြည်ပသို့ တင်ပို့ရောင်းချသော ကရင်နီပြည်မှ ကောက်ပဲသီးနှံများ စျေးနှုန်းကျဆင်းသည့်အတွက် ဒေသခံလူထုများယခုလို ဒုက္ခနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ပြည်ထဲရေး လုပ်ငန်းများကို အနီးကပ် တာဝန်ယူနေသည့် မြို့နယ်မှူးတဦးက ၎င်း၏ အမြင်ကို ပြောသည်။
မြန်မာပြည်တွင် ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ဖိနှိပ်လွန်းသည့် အခြေအနေများကြောင့် ၂ဝဝ၃ ခုနှစ် ဇူလိုင်လတွင် တကြိမ်၊ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလနှင့် ၂ဝဝ၈ ခုနှစ်ဧပြီလတွင် တကြိမ် မြန်မာစစ်အစိုးရ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုကို နောက်ထပ် သက်တမ်းတိုးလာရခြင်းဖြစ်ပြီး မေလ ၁၅ ရက်နေ့စွဲဖြင့် သမ္မတ အိမ်ဖြူတော်မှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
၁၉၉၇ ခုနှစ်ကပင် ချမှတ်လာခဲ့သော ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်၍ သမ္မတအိုဘားမားသည် မြန်မာနိုင်ငံနှင့် အမေရိကန်အကြား ပြဿနာများ မပြေလည်သေးကြောင်း၊ ထို့ကြောင့် ထိုအန္တရာယ်များကို တုံ့ပြန်သောအနေဖြင့် လက်ရှိချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဆက်လက်လုပ်ရန် လိုကြောင်း ဆုံးဖြတ်ထားသည်ဟု ပြောကြားသွားပါသည်။