ကရင်နီပြည် မော်ချီးမြို့ရှိ ကျေးရွာများ၏ အထက်ပိုင်း အနီးတဝိုက်တွင် ခဲကျင်းများကို အဆမတန် တူးဖော်မှုကြောင့် တချို့နေရာများသည် တောင်ပြို၊ မြေပြိုကျကာ ကျေးရွာများပြောင်းရွေ့ရမည့် အခြေနေသို့ ရောက်ရှိနေသည်။
မော်ချီးဒေသတွင် ခဲကျင်းများကို အဆမတန် တူးဖော်နေသည့်အတွက် တောင်တန်းများ၊ မြေများပြိုတော့မည့် အနေအထားကို တွေ့ရှိ၍ လွိုင်ကော် ဒကစမှူး (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်) မှ လိုခါးလိုရွာနှင့် ၁၃ ကုန်း စသည့် မော်ချီး အပေါ်ရွာများကို ပြောင်းရွေ့ခိုင်းခြင်းဖြစ်ပါသည်။
ဒေသခံများကလည်း မော်ချီးမြို့သည် ရှေးတစ်နှစ်၊ နှစ်နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ဖွယ် ရှိသည်ဟု ပြောပါသည်။
မော်ချီးဒေသတွင် နေထိုင်သည့် အသက် ၈ဝ ကျော်အရွယ် အဖိုးတစ်ဦးက “ မင်း ဗွီဒီယို လာရိုက်တာ ကံကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးပေါ့ နောက်ဆိုရင် မော်ချီးက နှောင်လာမယ့် နှောင်လာနှောင်သားတွေအတွက်က မော်ချီးဆိုတာတွေ့မှာ မဟုတ်တော့ဘူး။ ပြိုသွားတော့မယ် ” ဟု အဖိုးပြောပြချက်ကို ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ သတင်းနှင့် ဗွီဒီယို၊ ကင်မရာ တာဝန်ခံ ကိုဝင်းမင်းက ပြန်လည်ပြောပြသွားပါသည်။
မော်ချီးဒေသတွင် ခဲကျင်းပေါင်း ၁ဝဝ ကျော်ခန့်ရှိပြီး တူးဖော်သွားကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသည့်အတွက် ရေခန်းခြောက်ခြင်း၊ ရေချောင်းများ ကျဉ်းလာခြင်းနှင့် သစ်တောပြုန်းတီးခြင်းများလည်း ဖြစ်ပေါ်နေသည်ဟု ဆိုပါ သည်။
ခဲကျင်းများကို မော်ချီးတောင်ပေါ်ရွာ၊ အောက်ရွာ၊ လိုခါးလို၊ ဆွီးလို၊ ပသာခီး၊ ဘူးလော်ဘိုနှင့် စွာပို ကျေးရွာများတွင် အဓိကတူးဖော်နေပြီး ယခုအချိန်တွင် ဖာဆောင်းမြို့နယ် ခီးလဲခီးကျေးရွာအထိ ဆက်လက် တူးဖော်သွားနေပါသည်။