ပြည်ပ အသံလွင့်ဌာနများသည် စစ်အစိုးရကို ဝေဖန်ပြောဆို ထုတ်လွင့်နေသည့်အတွက် အစိုးရဘက်မှ ၎င်းတို့၏ တပ်တွင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုံးဝနားထောင်ခြင်းမပြုဖို့ ယခုလ ၂ဝ ရက်နေ့တွင် ညွန်ကြားချက် ထုတ်ပြန်လိုက်သည်ဟု သိရသည်။
အဘယ်ကြောင့်ဆိုသော် ပြည်ပမှာ ထုတ်လွင့်သည့် မြန်မာသတင်းများသည် စစ်အစိုးရအပေါ် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး စသည့်ကိစ္စရပ်များကို ဝေဖန်ပြောဆိုထုတ်လွင့်နေသည့် အတွက်ကြောင့် ဖြစ်သည်ဟု စစ်အစိုးရဘက်က ဆိုပါသည်။
ယခုလို မြန်မာဘာသာဖြင့် တင်ဆက်ပေးနေသည့် ပြည်ပသတင်း မီဒီယာများ၏ အစီအစဉ်များ နားမထောင်ကြဖို့ တားဆီးပိတ်ပင်လိုက်ခြင်းသည် မိသားစုဝင်များအတွက် မဖြစ်သင့်မဖြစ်ထိုက်ကြောင်း အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ လေ့လာသူ ဦးဝင်းမင်းက ဆိုပါသည်။
သို့သော် အစိုးရ၏ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ဘက်နှင့် စစ်သားတွေအတွက်ကမူ နားမထောင်ဖို့ ပိတ်ပင်လိုက်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်ပါသည်ဟု သူက အခုလိုပြောပါသည်။
“ စစ်ကောင်းကြောင်းတွေ အတွက်ဆိုလို့ရှိရင်တော့ သူတို့ရဲ့ရည်ရွယ်ချက်က ရှိနေတာကိုး၊ အဲဒီ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ပြည်ပမီဒီယာတွေရဲ့ ပြောတဲ့ အမှန်တရားတွေကို ဒီစစ်တပ်ထဲမှာ ရှိတဲ့မိသားစုတွေ သိလာပြီးတော့ စစ်တပ်ခေါင်းဆောင်တွေအပေါ်မှာ သစ္စာမခံတော့မှာ မနာခံတော့မှာ စိုးရိမ်တာကိုး၊ သူတို့ဘက်က ကြည့်ရင်တော့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေဘက်က ကြည့်လို့ရှိရင် အဲဒါမှဘဲ သူတို့က စစ်တပ်ကို ထိန်းချုပ်လို့ရမှာလေ။”
ဆက်လက်ပြီးတော့ သူက “အစိုးရ၏ မီဒီယာမှာက အစိုးရကောင်းကြောင်းဖြစ်တဲ့ စစ်ခေါင်းဆောင်များ ကောင်းပါတယ်၊ ပြည်သူလူထုကို ပြုစုစောင့်ရှောက်နေပါတယ်၊ တိုင်းပြည်ကို တည်ငြိမ်အောင် ကာကွယ်နေပါတယ်၊ စီးပွားရေးဖွံ့တိုးတက် ဖွံ့ဖြိုးအောင် လုပ်နေပါတယ်၊ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာက မညီမညွတ်နဲ့ ခုချိန်ထိတော့ အစိုးရကလည်း နေရာတိုင်းမှာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလေ၊ အလားတူဘဲ ပြဿနာတွေက စုံနေတာကို အဲဒီတော့ သတင်းအမှန်တွေကို စစ်လက်ထဲမှာရှိတဲ့ မိသားစုတွေ သိလာပြီးတော့ ထိပ်ပိုင်းခေါင်းဆောင်များအပေါ်မှာပေါ့ အမိ်န့်မနာခံတော့မှာ၊ အပြောင်းအလဲဖြစ်ဖို့အတွက် ကြိုးစားမှာ အဲလိုမျိုး မျက်စိပွင့်နားပွင့်လာမှာ စိုးရိမ်လို့ ဆိုတာတော့ သိနေပါတယ်” ဟု သူ့ရဲ့အမြင်ကို ဆက်ပြောပါသည်။
သည့်အပြင် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောသည်လည်း နိုင်ငံတကာမှာ အခြေစိုက်သည့် ပြည်ပ မြန်မာဘာသာ ထုတ်လွင့်ချက် အစီအစဉ်များနှင့် ပတ်သက်ပြီး ပိတ်ပင်ထားခြင်းသည် စစ်အစိုးတို့ တပ်ထု ပြိုမှာစိုးရိမ်သည့်အတွက် တပ်ကို အမျိုးမျိုးလှည့်ပြီး ထိန်းထားခြင်းဖြစ်သည်ဟု ( RFA ) ၏ မေးမြန်းချက်မှာ ပြောဆိုသွားခဲ့ပါသည်။
နိုင်ငံတကာ ပြည်ပ သတင်းမီဒီယာ အသံလွင့်ဌာနများ၏ ထုတ်လွင့်ချက်များသည် မမှန်ကန်သည့်အတွက်ကြောင့် တာဝန်ရှိသူများက တပ်တွင်း အောက်ခြေထိ လိုက်နာလာအောင် အမြဲမပြတ် ရှင်းလင်းဖို့ကိုလည်း ညွန်ကြားထားသည်ဟု သိရသည်။