၂ဝ၁ဝ နီးလာသည်နှင့်အမျှ ရွာသူရွာသားများ လျှပ်စစ်မီး ရရှိရန် စီစဉ်ပေးတော့မည်

၂ဝ၁ဝ နီးလာသည်နှင့်အမျှ ရွာသူရွာသားများ လျှပ်စစ်မီး ရရှိရန် စီစဉ်ပေးတော့မည်
မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုဖြစ်သည့် လောပိတ ရေအားလျှပ်စစ် စက်ရုံတည်ရှိရာ ကယားပြည်နယ် အတွင်းမှ ကျေးရွာအချို့သည် နှစ်ပေါင်း ၅ဝ ကျော်ကြာပြီးနောက် လျှပ်စစ်မီးရတော့မည်ဟု ဆို ...

မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုဖြစ်သည့် လောပိတ ရေအားလျှပ်စစ် စက်ရုံတည်ရှိရာ ကယားပြည်နယ် အတွင်းမှ ကျေးရွာအချို့သည် နှစ်ပေါင်း ၅ဝ ကျော်ကြာပြီးနောက် လျှပ်စစ်မီးရတော့မည်ဟု ဆိုပါသည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ် မြောက်ပိုင်းရှိ လျှပ်စစ်မီး မရရှိသေးသည့် အိမ်ခြေများသည် ယခုနှစ်အတွင်း လျှပ်စစ်မီး တိုင်တာဝါများ ပြီးဆုံးအောင် စီစဉ်သွယ်တန်းပေးမည်ဟု စစ်အစိုးရ ဒေသအာဏာပိုင်များက ပြောဆိုထားကြောင်း စုံစမ်းသိရှိရသည်။

ဒေသအာဏာပိုင်များထံ ကျေးရွာသူရွာသားများက လျှပ်စစ်ဓါတ်အား သွယ်တန်းပေးရန် တင်ပြတောင်းဆိုထားခဲ့ရာ ၂ဝ၁ဝ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ၄င်းတို့ မဲဆွယ်စည်းရုံးနိုင်ရန်အတွက် အကောင်အထည်ဖော်ပေးမည်ဟု ပြောဆိုထားခြင်း ဖြစ်နိုင်ကြောင်း ဤကဲ့သို့ ဒေသခံများ၏ သုံးသပ်ပြောဆိုချက်ကို Burma Issue (မြန်မာ့အရေး) အဖွဲ့ဝင်တစ်ဦးက ပြန်လည်ပြောပြသည်။

အဘယ်ကြောင့်ဆိုသော် ရွာသူရွာသားများသည် ယခင်က လျှပ်စစ်မီးများ သွယ်တန်းပေးရန် တင်ပြတောင်းဆို ခဲ့ကြပြီး ဒေသအာဏာပိုင်များက လုပ်ဆောင်ပေးမည်ဟု ဆိုသော်လည်း အမှန်တကယ် လုပ်ဆောင်ပေးခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်ဟု မြန်မာ့အရေး အဖွဲ့ဝင် ထွားရယ်က ပြောသည်။

၄င်းက “အထူးသဖြင့် သူတို့ ပြောကြတာ အရင်တုန်းက လုပ်ပေးမယ်လို့ အစိုးရက ပြောထားတာတွေ ရှိတယ်တဲ့၊ ဒါပေမယ့် ဖြစ်လာဖို့က နည်းတယ်၊ တကယ် အကောင်အထည်ဖော်တာ နည်းတော့ သူတို့ကို သိပ်မယုံရဘူး၊ မယုံရသေးဘူး အဲလိုမျိုးလေ၊ ရွေးကောက်ပွဲ ရှိတော့ သူတို့ စည်းရုံးမဲဆွယ်ချင်လား မသိဘူး၊ ဖြစ်အောင်တော့ ဆောင်ရွက်ပေးမယ်လို့ အစိုးရက ပြောတယ်လို့ သူတို့ ပြောကြတယ်၊ ဒါကြောင့်မို့လို့ ဖြစ်နိုင်မယ်လို့ သူတို့လည်း ပြောကြတယ်၊” ဟု ပြန်လည်ပြောပြသည်။

လွိုင်ကော်မြို့ မြောက်ပိုင်းတွင်ရှိသည့် ကျေးရွာများမှ ကျေးရွာ ဥက္ကဌတို့ကို လွိုင်ကော်ဒကစမှူးမှ မတ်လတွင်အစည်းအဝေးခေါ်ယူပြီးနောက် သိန်းပေါင်း ၄ဝဝ ကျော်ကုန်ကျမည့် လျှပ်စစ်သွယ်တန်းရေး ကုန်ကျစရိတ်များကို ရွာသူရွာသားများအား ယခု ဧပြီလမှ စ၍ ကောက်ခံနေပြီဖြစ်သည်။ အိမ်နေရာများ၏ တည်နေရာအကွာအဝေးနှင့် အုတ်တိုင် အကြီးအသေးအပေါ်လိုက်ပြီး တစ်အိမ်ထောင်လျှင် ၆ သောင်းမှ တစ်သိန်းခွဲထိ ကောက်ခံသည်။

“အဲဒီသွယ်တန်းတဲ့အပေါ်မှာ တချို့ရွာသားတွေက သံသယဖြစ်တာပေါ့ အကယ်၍ ရွာအထိသွယ်တန်းလာပေးမယ်ဆိုရင် ကောင်းတယ်၊ ကျနော်တို့လဲပေးရကျိုးနပ်တယ်။ ဒါပေမယ့် အစိုးရတွေက ပြောလို့မရဘူး၊ ရွာအထိပြောပေမယ့် ရွာဘေးပတ်ပတ်လည်လည် ကားလမ်းနံဘေးကပဲ မီးရလည်း မီးကောင်းကောင်းရလည်း ရမှာပေါ့” ဟု ခူထွားရယ်က ပြန်လည်ပြောပြသည်။

ကရင်နီ အမှတ် ၁ ခရိုင် အတွင်းရေးမှူး ခူညေးရယ်ကလည်း “တချို့က မလိုချင်ပေမယ့် မီးအကုန်ယူရတယ်၊ နောက်တိုင်(အုတ်ဓါတ်တိုင်) ဖိုးတွေလဲပေးဆောင်ရတယ်၊ အခက်အခဲတော့ အများကြီးတော့ ရှိမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်နှစ်က သီးနှံစျေးနှုန်းတွေ ကျကုန်တယ်၊ ကျကုန်တော့ မရောင်းရတော့ဘူး၊ အဲဒါကြောင့် ပေးဖို့ပိုက်ဆံမရှိဘူး” ဟု ပြောသွားပါသည်။

ထို့နောက် လျှပ်စစ်မီးအတွက် ငွေကြေးကောက်ခံနေရသည့် ရွာများမှာ ကယန်းသာယာ၊ သပြေကုန်း၊ ထီရိ၊ နွားလဝိုး၊ မော်ချီးရွာရှောင်၊ နွားလဝိုးရွာရှောင်၊ ကယန်းကြခူ၊ ပဒါးညေး၊ ပကြဲစံပြ၊ လွယ်တမူ စသည့် ကျေးရွာများဖြစ်သည်။

၄င်းကျေးရွာများမှ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် မြန်မာစစ်အစိုးရနှင့် ပြည်သူလူထုအကြား အကျိုးဆောင်ပေးသည့်အဖွဲ့တစ်ဖွဲ့အား ပြီးခဲ့သည့် ၂ဝဝ၆-၂ဝဝ၇ ခုနှစ်ကတည်းက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။