ကြံ့ဖွံ့ကြောင့် ဆယ်ကျော်သက် ရွာသားတဦးသေဆုံး

ကြံ့ဖွံ့ကြောင့် ဆယ်ကျော်သက် ရွာသားတဦးသေဆုံး
ကြံ့ဖွံ့ခေါင်းဆောင် တစ်ဦး၏ ခြိမ်းခြောက်မှုကြောင့် ဆယ်ကျော်သက်အရွယ် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ညောင်ကုန်း ရပ်ကွက်သားတစ်ဦး အကြောက်လွန်၍ သူ့ ကိုယ်သူ အဆုံးစီရင်ခဲ့ရသည်ဟု မျက်မြင် သက်သေတို့ကပြော ...

ကြံ့ဖွံ့ခေါင်းဆောင်တစ်ဦး၏ ခြိမ်းခြောက်မှုကြောင့် ဆယ်ကျော်သက်အရွယ် ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ် ညောင်ကုန်း ရပ်ကွက်သားတစ်ဦး အကြောက်လွန်၍ သူ့ ကိုယ်သူ အဆုံးစီရင်ခဲ့ရသည်ဟု မျက်မြင်သက်သေတို့ကပြောသည်။

အသက်(၁၈)နှစ်အရွယ် ညောင်ကုန်း(၅)ရပ်ကွက်နေ အဲဒွက်သည် တောင်ယာလုပ်ကိုင်ရာမှအပြန် ရပ်ကွက်တွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်နန်းအေးထူး၏ ကွမ်းယာဆိုင်တွင် ကွမ်းယာမှာယူနေရာ အချိန်အတန်ကြာ စောင့်ဆိုင်းနေရသောကြောင့် တောင်ယာမှ အနည်းငယ်သောက်ထားသော အရက်ရှိန်ကြောင့် စိတ်မထိန်းချုပ်နိုင်ဘဲ ကွမ်းယာဆိုင်ရှေ့မှ ထိုင်ခုံအား ခြေဖြင့် ကန်သည်ဟု အဖြစ်အပျက်အား မြင်တွေ့ခဲ့သူတဦးကပြောသည်။

ကြံ့ဖွံ့ခေါင်းဆောင် နန်းအေးထူး၏ ကွမ်းယာဆိုင်စောင့်က အဲဒွက်အား ပက်ပက်စက်စက် ဆဲဆိုသောကြောင့် မကျေမနပ်ဖြစ်ကာ ဆိုင်ဆိုင်းဘုဒ်အား ထပ်မံဆွဲဖြဲခဲ့သည် ဟုဆိုသည်။

ထိုကိစ္စအား ရပ်ကွက်ဥက္ကဌမှ မိဘများနှင့်ပြေလည်အောင်ဖြေရှင်းပေးမည်ဟုဆိုသော်လည်း ကြံ့ဖွံ့ခေါင်းဆောင် နန်းအေးထူးမှာ လက်မခံဘဲ ထိုသူငယ်အား ဖမ်းဆီးချုပ် နှောင်ရန် ရဲများအား သုံးကြိမ်တိုင်တိုင် ဖုန်းဆက်ခေါ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်မတ်လ (၃)ရက် စနေနေ့ ညတွင် ကြံ့ဖွံ့များနှင့်ရဲများက ကြိုး၊ သေနတ်၊ လက်ထိပ်စသည်တို့ဖြင့် အဲဒွက်အား ဖမ်းဆီးရန် သူ့မိဘနေအိမ်အထိ ရောက်လာချိန် အဲဒွက်မှာ အကြောက်လွန်၍ အိမ်ခန်းထဲသို့ ပြေးတက်ပြီး လုံချည်ဖြင့် မိမိကိုယ်မိမိ ဆွဲကျိုးချ အဆုံးစီရင်ခဲ့ပါသည်။

ချက်ချင်း အသက်မထွက်သေးသော သူငယ်အား မိဘများက မျက်ရည်မျက်ခွက်ဖြင့် ဖယ်ခုံမြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သည်။ သို့သော်သူငယ်မှာ ဆေးရုံရောက်သည်နှင့် အသက်ထွက်သွားရရှာသည်။

မိဘများ၏ပြောပြချက်အရ အဲဒွက်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်သူ မဟုတ်ကြောင်း ယခုလို ကြံ့ဖွံ့ခေါင်းဆောင်၏ ကွမ်းယာဆိုင်တွင် ပြဿနာများ ပြုလုပ်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ်သာ ဖြစ်သည်။