မြန်မာနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ပြီးနောက် ဒုက္ခသည်စခန်းများသို့ ကူညီနေသော အထောက်အပံ့များ လျှော့ချလိုက်သည့်အတွက် ယခုလို ပြင်သစ်လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး မစ္စယာမာယဒီ ရောက်ရှိလာခြင်းသည် နယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းများအတွက် ထောက်ပံ့ကူညီနေသော အထောက်အပံ့များ ပြန်လည်၍ အားကောင်းလာမည်ဟု ဒုက္ခသည် စခန်းသူ၊သားများက မျှော်လင့်နေကြပါသည်။
ထိုင်းနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှ လူငယ်အတွင်းရေးမှူး မဆိက “ မျှော်လင့်နေတယ်ဆိုတာက ကျမ ထင်တာကတော့လေ သူတို့က အီးယူ(ဥရောပ) နိုင်ငံပေါ့နော်၊ အီးယူကနေတဆင့် သူတို့အဲလိုလာတယ် ဆိုတော့ ရှေ့ဆက် ကျမတို့ဒုက္ခသည်စခန်းကို သူတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ရှိတယ်ဆိုတော့ စခန်းထဲက အခက်အခဲ ဘယ်လိုရှိတယ်ဆိုတာ သိရှိသွားနိုင်မယ်ဆိုတော့ ရှေ့ဆက်ထောက်ပံ့ကူညီမှု နည်းနည်းလေး အရင်ကထက်ပို၍ ကောင်းလာရင်လဲ ကောင်းလာနိုင်တယ်” ဟုပြောသွားပါသည်။
ပြင်သစ်လူအခွင့်အရေး ဝန်ကြီး မစ္စယာမာယဒီ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အဲန်ဂျီအိုကိုယ်စာလှယ်များပါဝင်ပြီး ကရင်နီ ဒုက္ခသည်စခန်းသို့ မတ်လ ၁၃ ရက် သောကြာနေ့တွင် စခန်းအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် မိဘမဲ့ဘော်ဒါဆောင်သို့ သွားရောက်လည်ပတ်ပြီး အခြေအနေအရပ်ရပ်များကို မေးမြန်းခဲ့ရာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲနိုင်ရန် သူမအနေဖြင့် ဖိအားပေးသွားမည်ဟု လာရောက်ပြောသွားပါသည်။
“သူတို့အချိန်မရှိတော့ အများကြီးတော့ မပြောသွားဘူးလေ၊ ဒါပေမယ့်သူ ဒီစခန်းအုပ်ချုပ်ရေးမှာလာပြီး ပြောသွားတာက အဓိက ဒီမြန်မာပြည် စစ်အစိုးရ တမျိုးတဖုံ ပြုပြင်ပြောင်းလဲဖို့အတွက် သူကဖိအားပေးကူမယ်။ နောက်တခါ ဒီမှာရှိနေတဲ့ မိဘမဲ့ကလေး ဘော်ဒါဆောင်တွေမှာ ဘာတွေအခက်အခဲရှိလဲ လှည့်လည်ကြည့်သွားတယ်” ဟု ကရင်နီဒုက္ခသည်တစ်ဦးက ပြောသွားပါသည်။
မိဘမဲ့ကလေးများအတွက် တနည်းတလမ်းအားဖြင့် ထောက်ပံ့ကူညီနိုင်မည်ဖြစ်ပြီး ပြင်သစ်လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးပြောပြချက်အရ “သူပြင်သစ်မှာလဲ ဘော်ဒါဆောင်တခုဖွင့်ထားတဲ့ ကျောင်းရှိတယ်လို့အဲလိုပြောတယ်၊ အဲဒါကြောင့်မလို့ သူလုပ်ငန်းနဲ့လည်း ပတ်သက်နေတယ်ဆိုတော့ ဒီကလေးတွေရဲ့ ထောက်ပံ့ကူညီတစ်ခုတော့ ရနိုင်မယ်လို့တော့ ကျမထင်တယ်လေ” ဟု မဆိကဆိုပါသည်။