ပြည်သူသည် ကျေးရွာ၌ ပြန်နေထိုင်ခဲ့ကြသော်လည်း စိတ်မချမ်းသာ

ပြည်သူသည် ကျေးရွာ၌ ပြန်နေထိုင်ခဲ့ကြသော်လည်း စိတ်မချမ်းသာ
by -
ပါးရယ်
ကရင်နီပြည် သံလွင်မြစ် နှင့် ပွန်ချောင်းအကြားရှိ ပြည်သူလူထုအချို့သည် ယခုနှစ်ကစပြီး ၎င်းတို့၏ ဇာတိမြေ နေရာဒေသများတွင် မြန်မာစစ်အစိုးရတပ်များ၏ တရားဝင် ခွင့်ပြုချက်မရဘဲ မိမိကျေးရွာမှာ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း စိတ်ချမ်းသာမှု မရှိခဲ့ကြဟု ပြောဆိုခဲ့ကြောင်း သိရ ...

ကရင်နီပြည် သံလွင်မြစ် နှင့် ပွန်ချောင်းအကြားရှိ ပြည်သူလူထုအချို့သည် ယခုနှစ်ကစပြီး ၎င်းတို့၏ ဇာတိမြေ နေရာဒေသများတွင် မြန်မာစစ်အစိုးရတပ်များ၏ တရားဝင် ခွင့်ပြုချက်မရဘဲ မိမိကျေးရွာမှာ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း စိတ်ချမ်းသာမှု မရှိခဲ့ကြဟု ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြည်သူလူထုထောက်ခံရေးနှင့် အနိုင်ရရှိရေး၊ တိုင်းရင်းသား နယ်မြေဒေသများ ထိုးစစ်ဆင်ရာတွင် တပ်များအတွက် အထောက်အကူပြုရေး စသည်များကြောင့် တာဆီးပိတ်ပင်မှုများမရှိကြောင်း ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနက (KSWDC) သုံးသပ်ပြောဆိုသည်။

ကရင်နီပြည်တွင် ၂ဝဝ၆-ဝ၇ ခုနှစ် စစ်အစိုးရတို့၏ ဖြတ်လေးဖြတ်စနစ် ထိုးစစ်ဆင်မှုများကြောင့် မိမိကျေးရွာနေရပ်ရင်းမှ စုစည်းကျေးရွာသို့ စွန့်ခွာထွက်ပြေးခဲဲ့ရသော ပြည်သူများသည် ၎င်းတို့၏ ကျေးရွာဟောင်းများကို တစိတ်တဒေသအားဖြင့် ပြန်လည်နေထိုင်ပြီဖြစ်သည်။

KSWDC အဖွဲ့မှ သတင်းတာဝန်ခံ ခူဂေက “သူတို့ ပြန်လာနေထိုင်တာကတော့ ဒီနအဖရဲ့ ခွင့်ပြုချက်တော့ မရဘူး၊ သို့သော် သူတို့ အနေနဲ့ သွားပြီးတော့မှ တင်ပြတယ်ပေါ့၊ ကျနော်တို့ ပြန်မယ်၊ သူတို့ ပြန်မယ်ဆိုတော့ နအဖရဲ့ ခွင့်ပြုချက်တော့ မရဘူး၊ ဒါမဲ့ နင်တို့ ပြန်ချင်လည်း ပြန်၊ မပြန်ချင်လည်း မပြန်နဲ့၊ သူတို့ ဘာမှ မပိတ်ပင်ဘူးလို့ ပြောတယ်လေ။” ဟု ပြောသည်။

၎င်းကဆက်ပြီး “ ဖြစ်နိုင်တာက ဒီ ၂ဝ၁ဝ မှာ သူတို့ ရွေးကောက်ပွဲရှိတယ်လေ၊ အဲဒါတော့ ဒီ နအဖ ရဲ့ သူတို့ အာဏာဆက်လက်တည်မြဲဖို့အတွက် ပြည်သူလူထုတွေကို စည်းရုံးဆင်းတဲ့ သဘောမျိုး အနေနဲ့  ဒီလိုမျိုး ကျေးရွာဟောင်းတွေကို ပြန်လာ နေထိုင်ခွင့်ပြုတယ်လို့ အဲလိုမျိုးတော့ ယူဆလို့ ရတာပေါ့နော” ဟု ပြောသည်။

ရှားတော၊ ချစ်ကယ်၊ နွားလဘိုး၊ ပါလောင်းနှင့် ဒေါတာဟောင်း စသည့် ပြောင်းရွှေ့စုစည်းကျေးရွာများမှ ပြန်လာနေထိုင်ကြခြင်း ဖြစ်ပြီး အထူးသဖြင့် သံလွင်မြစ်နှင့် ပွန်ချောင်းမြစ် အကြားတွင် ဖြစ်ကာ လူဦးရေအားဖြင့် (၁ဝဝဝ) ကျောခန့် ရှိပြီဟု သိရသည်။

ပြန်လာနေထိုင်သော ပြည်သူများသည် ၎င်းတို့ စားဝတ်နေရေး ဖူလုံမှုအတွက်် အလုပ်အကိုင်များကိုသာ အရေးထားလေ့ရှိကြသည်။ ၎င်းတို့၏ ကျန်းမာရေးနှင့် ကလေးပညာရေးအတွက််သည် စာသင်ကျောင်းမရှိသည့်အပြင် ကျောင်းဆရာ၊မ မရှိဟု Free Burma Ranger အဖွဲ့လုပ်သားတဦးက ပြောသည်။

၎င်းတို့၏အခြေအနေကို သူရောက်လေ့လာခဲ့သူတစ်ဦးက “ သူတို့ တောင်ယာတွေကို ခုတ်စားတယ်၊ လယ်ယာတွေ ပြန်လည်ရှင်းပြီး လုပ်စားတယ်၊ လယ်ယာတွေက အရင် ကျနော်တို့ရွာလိုဘဲ ရှင်းလင်းနေတာဘဲ၊ သူတို့ လယ်ယာတွေကို ပြန်စိုက်တယ်၊ ကျွဲ၊ နွားတွေလည်း အများကြီး ပြန်ရှိပြီ၊” ဟု ပြန်လည်ပြောပြသည်။

လွန်ခဲ့သည့် ၁၉၉၆၊ ၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရတပ်တို့၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ဒေသခံအရပ်သားပြည်သူများသည့် ၎င်းတို့ နေထိုင်သည့် မူရင်းကျေးလက်တောရွာများမှ အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံရပြီး မြို့ပြ အနီးအနားရှိ စုစည်းကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။