အပစ်ရပ်အဖွဲ့ နယ်စပ်စောင့်တပ် ထားရှိပြီး လက်နက်ကိုင်ခွင့်ပေး

အပစ်ရပ်အဖွဲ့ နယ်စပ်စောင့်တပ် ထားရှိပြီး လက်နက်ကိုင်ခွင့်ပေး
by -
ဒေလီထက်
မြန်မာစစ်အစိုးရက ကရင်နီ တိုင်းရင်းသား အပစ်ခတ် ရပ်စဲရေးအဖွဲ့ အားလုံးကို နယ်စပ်စောင့်တပ်အဖြစ် သတ်မှတ်ပြီး လက်နက် ဆက်လက်ကိုင်ခွင့် ပေးသည်ဟု ဆိုသည်။ ကရင်နီ အပစ်ခတ်ရပ်စဲရေး အဖွဲ့တဖွဲ့မှ အရာရှိတစ်ဦးက “ကြားရသလောက်ဆိုရင် (ကလလတ) ရော ကျန်အဖွဲ့တွေရော ...

မြန်မာစစ်အစိုးရက ကရင်နီတိုင်းရင်းသား အပစ်ခတ်ရပ်စဲရေးအဖွဲ့အားလုံးကို နယ်စပ်စောင့်တပ်အဖြစ် သတ်မှတ်ပြီး လက်နက်ဆက်လက် ကိုင်ခွင့် ပေးသည်ဟု ဆိုသည်။

ကရင်နီအပစ်ခတ်ရပ်စဲရေးအဖွဲ့တဖွဲ့မှ အရာရှိတစ်ဦးက “ကြားရသလောက်ဆိုရင် (ကလလတ) ရောကျန်အဖွဲ့တွေရော အားလုံးက နယ်စပ်ဒေသလုံခြံုရေး တာဝန်ပေးနေတယ်လို့ ပြောတယ်။ စ.အ.ဖ (စစ်ဖက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့) ချုပ်ရဲမြင့် လာတုန်းက လက်နက်အားလုံးတော့ ကိုယ့်ဟာနဲ့ကိုယ်ဘဲ ကိုင်ထားတယ်”ဟု ကန္တာရဝတီတိုင်း(မ်)ကို ပြောပါသည်။

စ.အ.ဖ တပ်ချုပ်ကြီးရဲ့ကိုယ်စားရဲမြင့်က အပစ်ရပ်တိုင်းရင်းသား အဖွဲ့အားလုံးအနေဖြင့် စစ်လက်နက်များ ထပ်မံလိုအပ် မည်ဆိုပါက ထောက်ပံ့ပေးမည်ဟု ဆိုသည်။

“ရဲမြင့်က မင်းတို့ရဲ့လက်နက်ကို ကိုယ့်ဘာသာကိုပဲ ကိုင်ထားကြဖို့၊ လိုအပ်ရင်တောင် သူတို့ (စအဖ) အနေနဲ့ ထပ်ဖြည့် ပေးမယ်၊ သက်ကြီးတဲ့ စစ်မှုထမ်းတွေကို ပင်စင်ပေးဖို့ စတာတွေ လာပြောသွားတယ်လို့လည်း ဆိုပါတယ်။” ဟု အဆိုပါ အပစ်ရပ်အဖွဲ့၏ အရာရှိက ဆက်လက်ပြောပြပါသည်။

မြန်မာစစ်အစိုးရတပ်က တဘက်မှာလည်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့၏ ပိုင်ဆိုင်သော လက်နက်ကြီးများကို စာရင်းဇယားများ ကောက်ခံ၍ လေ့လာစုံစမ်းစစ်ဆေးနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ထိုသတင်းနှင့် ပါတ်သက်၍ ကရင်နီလူမှုကယ်ဆယ်နှင့် ဖွ့ံဖြိုးရေးပင်မဌာနက သတင်းနဲ့ဗွီဒီယို ကင်မယာတာဝန်ခံ ဂျူလှိုင်မိုး က “ဖေဖော်ဝါရီလမှာတော့ ကြားရတယ် ဘာဖြစ်လို့လဲ ဆိုတော့ နအဖ စစ်အစိုးရက သူကဒီ KNPLF ခေါ် ကလလတ ကိုပေါ့နော် အဲဒါလက်နက်ကို စစ်ဆေးတယ်။ စစ်ဆေးတော့ သူတို့ကလည်း အဓိကအားဖြင့်တော့ သူတို့ အခြေစိုက်တဲ့ မယ်စဲ့ သူတို့ခေါ်တဲ့ဟိုစဲ့၊ လွိုင်ကော် အဲဒီဂွင်မှာတော့ သူတို့ စစ်ဆေးတာတော့ အဲဒါတော့ သေချာပါတယ်” ဟု ပြောပါသည်။

ဆက်လက်ပြီးသူသည် ကလလတ၏ လက်နက်များ စုံစမ်းလေ့လာနိုင်ရန် လွိုင်ကော်ဒကစ(ဒေသကွပ်ကဲရေး စစ်ဌာနချုပ်) တာဝန်ရှိသူများက လက်နက်ကြီး၊ လက်နက်ငယ် မည်မျှရှိသည်ကို စာရင်းတောင်းနေသည်ဟုလည်း ပြောပါသည်။ သို့သော် တိုက်ရိုက်တွေ့ဆုံခြင်း မလုပ်ပါဟု ပြောသွားပါသည်။