မတ်လ (၈) ရက် နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် သူပုန်အဖွဲ့အစည်းဖြစ်သော ကရင်နီပြည်တပ်မတော်နှင့် မြန်မာစစ်အစိုးရ တပ်တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်ဖက်က (၃) ဦးကျဆုံးခဲ့ပြီး နှစ်ဦးနှစ်ဖက်ဒဏ်ရာရရှိခဲ့ကြသည် ဟု ကရင်နီ တပ်မတော်က ပြောသည်။
အဆိုပါ ယင်းတိုက်ပွဲဖြစ်ပွားမှုသည် ဖရူဆိုမြို့နယ် မော်ခရော်ရှေးနှင့် လောဂျာ ကျေးရွာအနီးတွင်ရှိသော ကားလမ်းမကြီး ဘေး တစ်နေရာ၌ ထိပ်တိုက်တွေ့ဆုံဖြစ်ပွားခဲ့ကြောင်း ကရင်နီပြည် တပ်မတော်ဗျူဟာမှူး ဗိုလ်မှူး ခူဘျားရယ်က ပြောသည်။
“သုံးယောက် သေဆုံးတယ်လို့ ပြောတယ်၊ ဒဏ်ရာရတာတော့ မသိဘူးနော၊ သိတာကတော့ သေတဲ့သုံးယောက်ပဲ၊ နောက်ပြီး လက်နက် (၄) လက် ရရှိတယ်၊” ဟု သူက ပြောသည်။
ကရင်နီပြည်တပ်မတော် သူပုန်တပ်ဖွဲ့သည် စစ်အစိုးရတပ်ထံမှ လက်နက်များဖြစ်သော MA-1(၃) လက်နှင့် စက်လတ် တစ်လက် အပါ၀င် သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်မှူး ခူဘျားရယ်က ဆက်ပြောသည်။
ခမရ ၅၃၁ တပ်ရင်းက လူဦးရေ မည်မျှ ဒဏ်ရာရရှိခဲ့သည်ကို အတိအကျ မသိရသေးချေ။ သို့သော် ကရင်နီတပ်မတော် ဖက်က တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဦးစစ်ချုပ် ဗိုလ်ချုပ် ဘီထူးက ဆိုသည်။
ဒေသခံ မော်ခရော်ရှေးရွာသား တစ်ဦးက “ မနေ့က တနင်္ဂနွေနေ့ မနက်ပိုင်း (၆) နာရီမှာ ဖြစ်ခဲ့တယ်၊ မော်ခရော်ရှေး ရွာအနီးမှာပဲ ကရင်နီတပ်မတော်နဲ့ ဗမာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာ၊ လောဂျာ ဆိုတဲ့ရွာထဲမှာ လူတွေ(ရွာသား) ကို စစ်ဆေးမှု တစ်ခုရှိတယ်၊ တိုက်ခိုက်တဲ့ နေရာက မော်ခရော်ရှေးရွာထက် ပိုနီးသေးတယ်၊” ဟု သူကပြောသည်။
၎င်းက ဆက်ပြီး “တိုက်ခိုက်မှု အပြီးမှာပဲ ကျနော် ဖြတ်သွားခဲ့တယ်၊ ဗမာစစ်တပ်ဖက်က (၃) ယောက် သေဆုံးခဲ့တယ်၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း အမြောက်အများပဲ၊ ကရင်နီတပ်မတော်ဖက်က ကျဆုံးမှုတွေ မရှိခဲ့ဘူး၊” ဟု ဆက်လက် ပြောပြသည်။
ယခုနှစ်တွင် ကရင်နီပြည်တပ်မတော်နှင့် စစ်အစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပြီးခဲ့သော ဇန်နဝါရီလက အများဆုံး ဖြစ်ပွားခဲ့သည်။