လောပိတ-တောင်ငူ မဟာဓါတ်အားလိုင်းအား ယခုနှစ်အတွင်း ဖောက်ခွဲမှုမရှိ

လောပိတ-တောင်ငူ မဟာဓါတ်အားလိုင်းအား ယခုနှစ်အတွင်း ဖောက်ခွဲမှုမရှိ
ယခု ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်မြို့သို့ ဖြန့်ဖြူးပေးနေသည့် ကရင်နီ (ကယား) ပြည် လောပိတ-တောင်ငူ မဟာဓါတ်အား လိုင်းအား ကေအဲန်ပီပီမှ ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းမရှိဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး၂ ခူဦးရယ်က ပြော ...

ယခု ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်မြို့သို့ ဖြန့်ဖြူးပေးနေသည့် ကရင်နီ (ကယား) ပြည် လောပိတ-တောင်ငူ မဟာဓါတ်အား လိုင်းအား ကေအဲန်ပီပီမှ ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းမရှိဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး၂ ခူဦးရယ်က ပြောသည်။

စစ်အစိုးရပိုင် သတင်းမီဒီယာများ၏ဖော်ပြချက်အရ ဇန်နဝါရီလ ၂၆ ရက်နေ့က  ရန်ကုန်မြို့သို့ ဖြန့်ဖြူးသွယ်တန်းသွားသော လောပိတ-တောင်ငူ မဟာဓါတ်အားလိုင်းသည် ကေအဲန်ယူ နှင့် ကေအဲန်ပီပီ အကြမ်းဖက် သောင်းကျန်းသူများက  မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ခူဦးရယ်က “ အဲ့ဒါတွေက ဖြစ်ခဲ့တာ မရှိဘူးလေ၊ သူတို့တွေက မနှစ်ကဖြစ်ခဲ့တာကို တခါပြန်ပြီး လုပ်ကြံပြီး သတင်းတွေကို အသစ်မွေးတဲ့ သဘော မျိုးပဲ ဖြစ်မလားမသိဘူး၊ သူတို့ကတော့ ၀ါဒဖြန့်ချိရေး သက်သက်ပေါ့နော်။ လူတွေ အာရုံစူး စိုက်မှုရအောင် အဟောင်းကို အသစ်ပြန် လုပ်ပြီး လူတွေအာရုံစူးစိုက်ဖို့  လုပ်တဲ့သဘောမျိုးပဲလို့ ယူဆတယ်လေ၊ အတိအကျတော့ မသိဘူးပေါ့နော်၊ သက်ဆိုင်ရာ ဌာနကိုလည်း ကျနော် မေးကြည့်ပြီးပြီ အဲ့ဒါ ကျနော်မေးကြည့်တော့ ဒီနှစ် ထဲမှာက အဲ့လိုမျိုး ဖြစ်တာမရှိဘူးလို့ပြောတယ်” ဟု ပြောသည်။

သို့သော် ယမန်နှစ် ဇူလိုင်လ ၃၀ ရက်နေ့၌ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအနီးရှိ လောပိတ - တောင်ငူ (230 KVA) မဟာဓါတ်အားလိုင်း တာဝါတိုင်အမှတ် (၂၀၆) အား ကေအဲန်ယူန်နှင့် ကေအဲန်ပီပီလက်နက်ကိုင် တပ်ဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲ၊ နယ်မြေရှင်းလင်းရေးရင်း စစ်အစိုးရတပ်ဖွဲ့အား ခြံုခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို ပြည်သူလူထုအား အဖျက်သမားများအဖြစ် မြင်စေရန် နှင့် ရန်ကုန်တွင် မီးမကြာခဏ ပြတ်တောက်မှုအား အကြောင်းပြန်ရန် တမင်တကာ ဖန်တီးခြင်းဖြစ်နိုင်သည်ဟု ခူဦးရယ်က အခုလိုပြောသည်။

“ လူထုတွေရဲ့ ငြင်းဆိုသံတွေကို ဖြေသိမ့်တဲ့အနေနဲ့ သတင်းဟောင်းကို သတင်းသစ်ဖြစ်အောင် သူတို့အကြောင်းပြ တာဖြစ် နိုင်တယ်၊ နောက်တချက်က လူထုတွေ ကျနော်တို့ကို အဖျက်သမားလို့ မြင်လာအောင် သူတို့လုပ်တာလည်း ပါနိုင်တယ်၊ နောက်တချက်က ရန်ကုန်မှာက မီးခဏခဏပြတ်တောက်တယ် မဟုတ်လား။ လူတွေက ဒီအစိုးရ ဘာဖြစ်တယ်ညာဖြစ် တယ် ခဏခဏငြီးငြူတဲ့ အပေါ်မှာ ဒါကိုဖြေသိမ့်တဲ့အနေနဲ့ရမယ် ဖွဲ့တယ်ပေါ့နော် ၊ ဒါကို သူတို့ ဒီလိုလုပ်လို့ အဲ့လိုဖြစ် သွားတယ်၊ အဲ့လိုလုပ်လို့ မီးပြတ်ရပါတယ် ဆိုတဲ့ အကြောင်းပြချက် ဖြစ်လာအောင်လို့ သူတို့တမင်တကာ ဖန်တီးတာ လည်းဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ကေအဲန်ယူအား ထိုအကြောင်းနှင့် ပတ်သတ်၍ ဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ယခုနှစ်အတွင်း မပြုလုပ်ခဲ့ဟု ဆိုကြောင်း သူက ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့ (YESB) က ရန်ကုန်မြို့၊ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ မြို့နယ််များ တွင် ဇန်နဝါရီလ ကုန်ချိန်မှစ၍ ဖြစ်ပျက်နေသော လျှပ်စစ်ဓါတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေမှုများသည် ယခု ရက်ပိုင်းအတွင်း ပုံမှန်လျှပ်စစ်ခွဲတမ်းများဖြင့် ပြန်လည် ဖြန့်ဝေနိုင်တော့မည်ဟု ပြောကြောင်း ပြည်တွင်း သတင်းဂျာနယ်တ ခုတွင် ဖော်ပြထားသည်။

“ကျနော်တို့က ကိုယ့်လူထုတွေ ခံစားမှု မရှိတဲ့အရာကို သူတို့ လုပ်နေတဲ့ဥစ္စာကို ဘယ်လိုလို့ နှစ်မြို့မှာလည်း၊ နောက်ပြီး တော့ လျှပ်စစ်လိုင်းကြီးက ကျနော်တို့ ပြည်နယ်ကို တတန်းကြီး ထင်ထင်ထဲထဲ ကြီးဖြတ်သွားတယ်၊ ဓါတ်တိုင်တွေ တ လျှောက်မှာရှိတဲ့ ကျနော်တို့ ရွာသူ၊သားတွေကလည်း စောင့်ရပြုရတယ်၊ ဓါတ်တိုင်တွေ ကိုလည်း ခြံကာပေးရတယ်။ မီးမရ တဲ့အပြင်ကို အဲ့ဒီလိုလုပ်အားပေးတွေ အတင်းအကျပ် လုပ်ခိုင်းတဲ့အပေါ်မှာ ကျနော်တို့လူထုတွေကို အကျိုးမရတဲ့အပြင် ပိုပိုပြီးတော့ ဒုက္ခရောက်လို့ ကျနော်တို့က တမင်တကာ ဖျက်တယ်၊ လုပ်တယ်လို့တော့ ပြောလို့ရတာပေါ့ ။ ကိုယ့်လူမျိုးက ဘာမှ မခံစားရတာ ကိုယ့်ဆီမှာ ထွက်ပြီးတော့ ” ဟု ခူဦးရယ်က ပြောသည်။

ရန်ကုန်မြို့တွင် လူဦးရေ ၅ သန်းရှိရာတွင် တနေ့တာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၄၅၀ မီဂါဝပ်ဖြစ်ပြီး အစိုးရက ပေး ဝေနေသော လျှပ်စစ်ဓာတ်အားမှာ ၃၈၅ မီဂါ၀ပ်သာရှိသည်ဟု အစိုးရ စာရင်းဇယားများအရ သိရသည်။