ချိုးဖေါက်မှုလျော့၍ အရေးပါနိုင်ငံရေး အကျဉ်းသားများ လွတ်နိုင်ပါက ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံနိုင်

ချိုးဖေါက်မှုလျော့၍ အရေးပါနိုင်ငံရေး အကျဉ်းသားများ လွတ်နိုင်ပါက ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံနိုင်
by -
ကို(၂)
မြန်မာစစ်အစိုးရ အနေနှင့့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုများ လျော့ပေါ့လာပြီး အရေးပါသည့် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွတ်ပေးနိုင်မည့် အနေအထားများ ရှိလာမည်ဆိုပါက ၂၀၁၀တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ယုံကြည်မှုရှိလာနိုင် ...

မြန်မာစစ်အစိုးရအနေနှင့့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖေါက်မှုများ လျော့ပေါ့လာပြီး အရေးပါသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွတ်ပေးနိုင်မည့် အနေအထားများရှိလာမည်ဆိုပါက ၂၀၁၀တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ယုံကြည်မှုရှိလာနိုင်မည်ဟု မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူတဦး ကဆိုသည်။

"အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးရေးကိစ္စမှာပေါ့နော်။ အရေးပါတဲ့နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့ အလားအလာနည်းနေတာကို တွေ့ရပါတယ်။ အကယ်၍သာ လွတ်ပေးမယ်ဆိုရင် နားလည်မှုတွေ တည်ဆောက်ပြီးတော့  ပြုလုပ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ယုံကြည်မှုနိုင်ငံတကာမှာ  ပိုများလာမှာဖြစ်တယ်။ "ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးဝင်းမင်းကပြောသည်။

၂၀၁၀ရွေးကောက်ပွဲမတိုင်မှီ အရေးပါသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုတိုက်တွန်းမှုများ ပြုလုပ်ထားပါသည်။

စစ်အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နိုင်ကိုင်တပ်တွွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်သည်ဟု သတင်းထွက်ပေါ်နေသည့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များကို ကုလသမဂ္ဂအထူး လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာတောမတ်စ်အိုဟေး ကင်တားနားက အထူးခရီးစဉ်တခုအဖြစ် ယခုလ၁၄ရက်နေ့မှ ၁၉ ရက်နေ့တွင်း  သွားရောက်လေ့လာခဲ့သည်။

အဆိုပါခရီးစဉ်နှင့်ပါတ်သက်ပြီးဦးဝင်းမင်းက"တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ မတရားဖမ်းဆီးတာတွေ လည်း ဆက်ရှိနေသေးတဲ့ အခြေအနေမှာ ရှိနေသေးတဲ့ အတွက်ကြောင့် လောလောဆယ်မှာကြတော့ မြန်မာစစ်အစိုးရ အနေနဲ့ လိုက်နာတဲ့ အနေအထားမှာ မတွေ့ရသေးပါဘူး။ "  ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ တရားဥပဒေစိုးမိုးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် လူ့အခွင့်အရေးပြဌာန်းချက်များ ပါရှိရန်၊ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေကြရသူများကို ပြန်လွတ်ပေးရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဥပဒေ နှင့်မညီဘဲ မတော်မတရားဖမ်းဆီးမှုများမလုပ်ရန် ဤအချက် (၄) ချက်ကို မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရအား တိုက်တွန်းထားသည်ဟု သိရသည်။

၂၀၁၀ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ၂၀၀၉ခုနှစ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေများထွက်ထွက်လာနိုင်ပြီး နိုင်ငံရေးပါတီ အချို့ဖွဲ့လာနိုင်ကြောင်း၊ စစ်အစိုးရဖက်မှလည်း ကိုယ်ပိုင်နီးစပ်သည့် ပါတီများဖွဲ့လာနိုင်သလို အချို့ရပ်ရွာများတွင်လည်း လေးစားခံ လူပဂ္ဂိုလ်တဦးချင်းကို စစ်အစိုးရမှ ၀င်ပြိုင်ခိုင်းခြင်းများလုပ်လာနိုင်ကြောင်း အပြင် အလားအလာရှိနိုင်မည့်လူ၊ စစ်အစိုးရကိုလည်း ဆန့်ကျင်နိုင်မည့်ပါတီမျိုးဆိုပါက စစ်အစိုးရမှ ဆွဲထိန်းချုပ်မှုများ ပြုလုပ်နိုင်သည်ဟု ဦးဝင်းမင်းက ကန္တာရဝတီတိုင်းမ်နှင့် ဆက်သွယ်မေးမြန်းခန်း တွင်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၆ရက်က လူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင်ကို သွားရောက်ခဲ့စဉ်တွင် ပြင်ပရုံးများ၌ အမှုရင်ဆိုင်နေရသူများ အမှုချိန်းပြီး ပြန်လာရာထောင်ထဲပြန်မသွင်းဘဲ အထူးထောင်ဘက်တွင် ည၈နာရီခွဲခန့်အထိ ပုံစံထိုင်ခိုင်းကာ ည၉နာရီမှ ညစာကျွေးခဲ့သည်ဟု သတင်းများကဖော်ပြသည်။