ကရင်နီ(ကယားပြည်နယ်)၏ လူတစ်ဦးချင်း ဝင်ငွေသည် အခြားပြည်နယ်/တိုင်းများနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း မြန်မာစစ်အစိုးရဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်က ကရင်နီပြည်သို့ ရောက်ရှိခဲ့စဉ်ကပြောဆို ခဲ့သည်။
၎င်းက ကယားပြည်နယ်၏ ၂၀၀၇-၂၀၀၈ လူတစ်ဦးချင်း ဝင်ငွေသည် ၂၇၀၄၁၇ကျပ် ဖြစ်သည့်အတွက် အခြားပြည်နယ်/တိုင်းများနှင့်် နှိုင်းယှဉ်ပါက နည်းနေသေးသည်ကို တွေ့ရသည်ဟု ပြောကြောင်း ပြည်တွင်းထုတ် ခေတ်လူငယ်သတင်း၌ ဖော်ပြထားသည်။
၀န်ကြီးချုပ် သိန်းစိန်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ရက်နေ့တွင်် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဆွေးနွေး မှာကြားခဲ့ခြင်းဖြစ်သည်။
သတင်း၌ဖော်ပြချက်အရ ကရင်နီပြည်တွင် ယခင်ကစိုက်ပျိုးမည့်ဧက ၈၀၀၀၀ကျော် သာရှိပြီး ယခုအခါ ၃၇၈၁၃၆ ဧကအထိ တိုးချဲ့စိုက်ပျိုးနေပြီဖြစ်ကြောင်း၊ ပြောင်းသည် ကရင်နီပြည်အတွက် ထွက်ကုန် တစ်မျိုးဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်သည့် အတွက်စပါးစိိုက်မရသော တောင်ပေါ်ဒေသများတွင် ပြောင်းနှင့် နှမ်းကို တိုးချဲ့စိုက်သင့်သည်ဟု သူက ပြောကြားခဲ့သည်။
ဒါ့ပြင်၂၀၀၈ခုနှစ် တတိယသုံးလပတ်ကုန်အထိတစ်နိုင်ငံလုံး လူတစ်ဦးချင်းဝင်ငွေသည် ကျပ်၄၀၅၀၀၀ကျပ်ဖြစ်ပြီး
နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးလူတစ်ဦးချင်း ဝင်ငွေကို ကျပ်ခြောက်သိန်း ပြည့်မီရန် ရည်မှန်းထားသည်ဟု ဆိုပါသည်။ ထို့ကြောင့် ပြည်နယ်အတွင်း ထုတ်ကုန် များများထုတ်နိုင်အောင် အလုပ်ကိုကြိုးစားလုပ်ကြရန် လိုအပ်သည်ဟု ၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ရက်နေ့ ထုတ်စစ်အစိုးရပိုင်ကြေးမုံ သတင်းစာတွင်လည်း ဖော်ပြထားသည်။
ကရင်နီပြည်တွင် အဓိကစိုက်ပျိုးထွက်ကုန်မှာ ပြောင်းဖြစ်ပြီး ယမန်နှစ်သြဂုတ်လမှစ၍ အစေ့ထုတ်ပြောင်းများ စတင် ထွက်ရှိခဲ့သည်။
မြန်မာကုန်သွယ်မှုဆိုင်ရာသတင်း ၀က်ဆိုဒ်မှဖော်ပြချက်အရ ကရင်နီပြည်တွင် ၂၀၀၈-၂၀၀၉ ခုနှစ် အစေ့ထုတ် ပြောင်းစိုက်ပျိုးရန် လျာထားချက်မှာ ၁၈၅၀၀ ဧကဖြစ်ပြီး စိုက်ပျိုး ပြီးဧကမှာ ၂၀၇၁၅ ဧကရှိသည်ဟုဆိုသည်။
အစေ့ထုတ်ပြောင်း စျေးကွက်မှာပြောင်းစိုက်ကျေးလက် ဒေသများတွင် အစိုတစ်ပိဿာကို ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိ၊ အခြောက်တစ်ပိဿာကို ၂၆၅ ကျပ်အထိ စျေးရှိပြီးလွိုင်ကော်မြို့ ပွဲရုံစျေးတွင် တစ်ပိဿာကို ၂၂၀ ကျပ်မှ ၂၃၀ ကျပ်အထိ စျေးရှိကြောင်း၊ ပွဲရုံများမှတစ်ဆင့် မိတ္တီလာသို့ တင်ပို့ရောင်းချစျေးမှာ တစ်ပိဿာကို ၃၀၀ ကျပ်မှ ၃၃၀ ကျပ်အထိ ရှိကြောင်းသိရှိရသည်။
၀န်ကြီးချုပ်သိန်းစိန်သည် လွိုင်ကော်မြို`့အပြင် ကရင်နီပြည်ရှိအခြားခရိုင်များဖြစ်သည့် ဒီမောဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ် များသို့လည်း သွားရောက်ခဲ့ပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲနှင့် တောင်ကွဲစေတီ ဓါတ်လှေကားသစ်ဖွင့်ပွဲ သို့လည်း တက်ရောက်ခဲ့သည်။