ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးရှိ နန်းပါပိကျေးရွာတွင် ယန်မနေ့ည (၉) နာရီ အချိန်ခန့်က အသက် (၃) နှစ်အရွယ်ရှိ ကလေးတစ်ဦးနှင့် အဖေ အိပ်မောကျနေချိန် အိမ်မီးလောင်ကျွမ်း၍ နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြသည်။
အမေဖြစ်သူက အခြားအိမ်သို့ ရုပ်ရှင်သွားကြည့်နေစဉ် ကလေးယောက်ကျားလေးဖြစ်သူနိုင်းအွန့်နှင့် အဖေဖြစ်သူ အသက် ၃၅ နှစ် အရွက်နိုင်းယွပ်တို့သည် အိမ်ထဲ၌ အိပ်စက်နေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် နှစ်ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကလေးအမေ၏ အဒေါ်ဖြစ်သူက ပြောပြသည်။
၎င်းက "သူတို့ကို အဲလိုမျိုး အိမ်ထဲမှာပဲ မီးလောင်ပြီး သေဆုံးတယ်" ဟု ပြောသည်။ ဆက်လက်ပြီး သူမက "သူတို့ ခန္ဓာကိုယ်တွေက မကောင်းတော့ဘူး၊ ကိုင်လို့တောင် မရတော့ဘူး၊ နှစ်ယောက် စလုံးပဲ" ဟုပြောသည်။
မီးသည် မည်ကဲ့သို့ စတင်လောင်ကျွမ်းခဲ့ခြင်းကို အတိအကျမသိရှိဘဲ ယနေ့မနက်မှ မယ်ဟောင်ဆောင်ရဲများနှင့် သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စုံစမ်းစစ်ဆေးလျက်ရှိသည်။ လောင်ကျွမ်းခဲ့သော အိမ်သည် လျှပ်စစ်မီး အသုံးမပြုသည့် အိမ်ဖြစ်ပြီး ဖယောင်းတိုင်ကိုသာ ထွန်းလျက်ရှိသည်။ အဖေဖြစ်သူသည်လည်း ဆေးလိပ်သောက် လျက်ရှိသည်ဟု သူမက ဆက်လက်ပြောပြသွားသည်။
၎င်းတို့ နေထိုင်သည့်အိမ်နံရံများမှာ ခိုင်မာသည့် နှံရများ မဟုတ်ခြင်း၊ အမိုးအားဖက်များဖြင့် မိုးထားခြင်းနှင့် အိမ်၏ အမြင့်သည်လည်း မြေနှင့်တစ်ပေကျော််ခန့်သာရှိသောကြောင့် အဖေဖြစ်သူက အဘယ်ကြောင့် ရုန်းထွက်နိုင်ခြင်း မရှိသည်ကို အဖေဖြစ်သူဘက်ကဆွေမျိုးများ သံသယရှိနေကြသည်ဟု မယ်ဟောင်ဆောင်အခြေစိုက် ထိုင်းစစ်ဘက် ဆိုင်ရာ စစ်ထောက်လှန်းရေး တဦးကပြောသည်။
ဖခင်ဘက်မှဆွေမျိုးများ၏ တောင်းဆိုချက်အရ သားအဖမည်ကဲ့သို့ သေဆုံးသွားသည့် အဖြစ်မှန်ကို ဖေါ်ထုပ်နိုင်ရေး အတွက် အလောင်းများကို ချေးမိုင်သို့ သယ်ယူစစ်ဆေးနေကြောင်း အဆိုပါ အရာရှိက ပြောသည်။
အမေဖြစ်သူ နန်းခမ်းသည် လွန်ခဲ့သည့် ၁၉၉၃၊ ၉၄ ခုနှစ်ခန့်တွင် ရှမ်းပြည်နယ် လင်းခင်းမြို့နယ် ဘန်ဟန်ကျေးရွာမှ ပြောင်းရွှေ့လာခဲ့သူ တစ်ဦး ဖြစ်ပြီး ရှမ်းလူမျိုးဖြစ်သည်။ အဖေဖြစ်သူ နိုင်းယွပ်သည် မယ်ဟောင်ဆောင်မြို့မှ နေထိုင်သူ ထိုင်းနိုင်ငံသားတစ်ဦး ဖြစ်သည်။