အရှေ့တောင်အာရှမှာ ဘိန်းစိုက်ပျိုးမှုတိုးမြှင့်ရာ မြန်မာနိုင်ငံမှာအများဆုံး တွေ့ရှိရကြောင်း မူးယစ်ဆေးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (The U.N. Office on Drugs and Crime ) က ပြောဆိုလိုက်သည်။
ကမ္ဘာမှာ ဘိန်းထွက်ရှိမှု ဒုတိယအများဆုံးနိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှမှ ထွက်သည့် ဘိန်းအားလုံး၏ ၉၆%သည် မြန်မာနိုင်ငံက ထုတ်လုပ်တာ ဖြစ်သည်ဟု UNODC က ဆိုပါသည်။
UNODC အစီရင်ခံစာအရ ၂၀၀၈ခုနှစ်မှာ အဓိက ဘိန်းစိုက်ပျိုးသည့် အရှေ့တောင်အာရှမှ နိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှု ပမာဏ ဟက်တာ ၃၀၀၀၀ အထိစိုက်ပျိုးခဲ့သည်ဟု ပါရှိသည်။
၂၀၀၆ ခုနှစ် ကတည်းက အဆိုပါ ဘိန်းစိုက်ပျိုးရာမှာ အဓိက နိုင်ငံများဖြစ်သည့် ရွှေတြိဂံနယ်မြေခေါ် မြန်မာ၊လာအိုနှင့် ထိုင်းနိုင်ငံများထဲတွင် ၂၆ ရာခိုင်နှုန်းအထိ တိုးမြှင့် လာသည်။
အဖွဲ့၏ ကိုယ်စားလှယ် အကြီးအကဲဖြစ်သူ Gary Lewis က "အခုလို ဘိန်းစိုက်ပျိုးမှုတိုးမြှင့်လာတာဟာ စိုးရိမ်စရာဖြစ်တယ် ဘာကြောင့်လည်း ဆိုတော့ ရှေ့ဆက်မှာ လည်း ဆက်ပြီး တိုးမြှင့်ထုတ်လုပ်သွားဖို့ကို ဖော်ပြနေတာဖြစ်တယ်" ဟု ပြောသည်။
ဘိန်းစိုက်ပျိုးမှု ခြေမှုန်းသုတ်သင်ခြင်းနှင့် အစားထိုးသီးနှံစိုက်ပျိုးမှု အစီအစဉ်များကြောင့် မြန်မာ၊လာအိုနှင့် ထိုင်းနိုင်ငံများတွင် ၁၉၉၈ ခုနှစ် မှ ၂၀၀၆ ခုနှစ် အတွင်း ၈၃ ရာခိုင်နှုန်းခန့် လျှော့ကျသွားခဲ့သည်။
သို့သော်် မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ စပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှု သုံးပုံတပုံ တိုးများလာခဲ့ချိန်မှာပင် အစားထိုး သီးနှံစိုက်ပျိုးမှုနှင့် ခြေမှုန််းမှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ဘိန်းစျေးမှာ နှစ်ဆနီးပါး ခုန်တက်သွားခဲ့သည်။
ထိုအကြောင်းနှင့် ပတ်သက်၍ လာအို UNODC ရုံးမှ တာဝန်ရှိသူ လိပ်ခ်ဘွန်ဝပ်သည် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု အခြေအနေသည် အန္တရာယ်အကြီးမားဆုံး စိန်ခေါ်မှု တခုဖြစ်ကြောင်း ဗီအိုအေသတင်းက ယခုလိုပြောခဲ့သည်။
"မြန်မာပြည်က နိုင်ငံရေးအခြေအနေကို အားလုံးသိကြပြီးသားပါ။ အဲဒီ တိုင်းပြည်ထဲက နေရာတော်တော်များများမှာ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် အကူအညီ၊ အထောက်အပံ့တွေ ရဖို့ကတော့ အန္တရာယ် သိပ်ကြီးပါတယ်။ အဲဒီဒေသတွေမှာ လိုအပ်တဲ့ ငြိမ်းချမ်းရေး မရှိဘူး၊ တည်ငြိမ်မှု မရှိဘူး၊ ဘိန်းတိုက်ဖျက်ရေး လွတ်လွတ်လပ်လပ်လုပ်ဖို့ လုံခြုံရေးလည်း မရှိဘူး။ ဒါဟာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုပါ။" ဟုမစ္စတာဘွန်ဝပ်က ပြောသည်။
ဒါ့ပြင် မြန်မာပြည်က ဘိန်းစိုက်ဒေသများတွင် ဘိန်းအစားထိုးသီးနှံ ပြောင်းလဲစိုက်ပျိုးရန်နှင့် တောင်သူများအား အကာအကွယ်ပေးရန်၊ အထောက်အကူများပေးရန် လိုအပ်နေသည်ဟု လည်း UNODC က ပြောကြားသည်။