ရိုဟင်ဂျာအရေး စစ်အစိုးရ၌ တာဝန်ရှိကြောင်း လူအခွင့်အရေးအဖွဲ့ကဆို

ရိုဟင်ဂျာအရေး စစ်အစိုးရ၌ တာဝန်ရှိကြောင်း လူအခွင့်အရေးအဖွဲ့ကဆို
by -
ဒေလီထက်
ဇန်နဝါရီလ ၂၆ ရက်နေ့က ထိုင်းရေတပ်မှ ဖမ်းဆီးရမိသော တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ မြန်မာ ရိုဟင်ဂျာ ရ၈ ဦးကို နိုင်ငံကနေ ထွက်ခွာသွားရမည်ဟု ထိုင်းတရားရုံးတခုက ဆုံးဖြတ်ခဲ့ပြီး နေရပ်သို့ ပြန်မပို့နိုင်ရန် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေး ကော်မရှင် ...

ဇန်နဝါရီလ ၂၆ ရက်နေ့က ထိုင်းရေတပ်မှ ဖမ်းဆီးရမိသော တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ မြန်မာ ရိုဟင်ဂျာ ရ၈ ဦးကို နိုင်ငံကနေ ထွက်ခွာသွားရမည်ဟု ထိုင်းတရားရုံးတခုက ဆုံးဖြတ်ခဲ့ပြီး နေရပ်သို့ ပြန်မပို့နိုင်ရန် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေး ကော်မရှင်နှင့် UNHCR တို့ ပူပေါင်းပြီး ကြိုးစားဆောင်ရွက်နေပါသည်။

၎င်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးကော်မတီ (GHRE) အဖွဲ့မှ ညွန်ကြားရေးမှူး ဦးထူးချစ်က "သူတို့ကိုတော့ တရားမဝင် ၀င်လာတဲ့ဥပဒေအရ ပြန်ပို့မယ် လို့တော့ ပြောပေမယ့် သူတို့ကို ပြန်ပို့လို့ရှိရင် သူတို့အန္တာရာယ်ရှိနိုင်မယ် ဆိုတော့ ထိုင်း ရှေ့နေများ ကောင်စီနဲ့ ယူအဲန်အိတ်ချ်စီအာ နောက် လူ့အခွင့်အရေး ကော်မရှင်တို့က ပူးပေါင်း ပြီးတော့ အဲဒီကိစ္စ ပြန်မပို့အောင်တော့့ ကြိုးစားဆောင်ရွက်နေတယ်" ဟု ပြောသွားပါသည်။

အေအက်ဖ်ပီ သတင်းတရပ်တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ်က " တရားမဝင် ၀င်ရောက်လာမှုများကို အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး၊ သူတို့ကို တိုင်းပြည်မှ ထုတ်ပစ်ရမည် " ဟု ပြောကြားချက်ကို ဖော်ပြထားပါသည်။

"ကျနော်တို့ မြန်မာပြည်ကို ပြန်ပို့လို့ရှိရင် အန္တာရာယ်ရှိမယ် ဆိုတာ ခိုင်လုံတယ် ဆိုလို့ရှိရင်တော့ ထိုင်းအစိုးရအနေနဲ့တော့ လက်ခံမှာပါ။ နောက်ပြီးတော့ အခုလာတဲ့ ရ၈ ယောက်က ကျနော်တို့ ဗမာပြည်မှာကတည်းက ဘိတ်ကျွန်းစုမှာ ရေတပ်က ဖမ်းတာခံရတယ်။ ဖမ်းတာခံရပြီးတော့ သူတို့ ရိုက်နှက်ပြီးတော့ ရေနဲ့ ပြန်လွတ်လိုက်လို့ ထိုင်နိုင်ငံကို ရောက်လာတာ။ ဆိုတော့ သူတို့ ပြန်လို့ရှိရင်လဲ သူတို့အန္တာရာယ်ရှိမယ်လို့တော့ ကျနော်တို့ ယုံကြည်တယ်" ဟု ဦးထူးချစ်က ပြောကြားသွားပါသည်။

ယမန်နေ့က တရားရုံးတွင် တရားရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသည့် သူများကို တရားဥပဒေအရ အမေရိကန်ဒေါ်လာ ၃၀ ခန့် ဒဏ်ငွေရိုက်ကာ မပေးဆောင်နိုင်သည့်အတွက် ထောင်ဒဏ် ငါးရက် ကျခံရသည်။ အခြားသော တရားမဝင် ရွေ့ပြောင်း အလုပ်သမားများလည်း ထိုနည်းတူ ချမှတ်ခြင်း ခံနေရသည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ၀င်ရောက်လာသည့် ရိုဟင်ဂျာ အများစုသည် ရနောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြရပြီး အသက် ၁၈ နှစ် အောက် ကလေးသူငယ် ၁၂ ဦးလည်း ပါ၀င်နေပါသည်။

၎င်းရိုဟင်ဂျာအများစုသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်တွင် နေထိုင်ခဲ့ကြသည်။ မြန်မာစစ်အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ထိုဒဏ်များကို မခံမရပ်နိုင်ဘဲ ထွက်ပြေးရောက်ရှိ လာရခြင်းဖြစ်နိုင်သည်ဟု ဦးထူးချစ်ထူးက ဆိုပါသည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ထိုင်းတနိုင်ငံနှင့်သာ သက်ဆိုင်သည်မဟုတ်ပဲ အဓိက မိခင်နိုင်ငံ မြန်မာစစ်အစိုးရနှင့် အိမ်နီးခြင်းနိုင်ငံဖြစ်သည့် ဘင်္ဂလာဒေ့ရှ်၊ မလေးရှား၊ အိန္ဒိယနိုင်ငံများကလည်း ပူးပေါင်းဆောင်ရွက် ဖြေရှင်းမှသာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု လူ့အခွင့်ရေးအဖွဲ့က ဆိုသည်။

"အဓိက ကျနော်တို့ တာဝန်ရှိတာက ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာကတည်းက နေခဲ့တဲ့ ဗမာနိုင်ငံပဲပေါ့နော်။ ဗမာအစိုးရမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ ဗမာအစိုးရတွေ လူ့အခွင့်အရေးကို လေးစားလိုက်နာမယ်၊ သူတို့အလုပ်အကိုင်တွေဘာတွေ သူတို့ရဲ့ဒေသမှာ ဖွံ့ဖြိုးမယ်ဆိုရင်တော့ ဒီလူတွေ ဒီဘက်နိုင်ငံကို လာဖို့အကြောင်းမရှိဘူး " ဟု ဦးထူးချစ်က ပြောသွားပါသည်။

ပြီးခဲ့သည့် ၂၀၀၈ ဒီဇင်ဘာလတွင် ရိုဟင်ဂျာ ၁၀၀၀ ခန့်ကို ပင်လယ်အတွင်းသို့ ပြန်လွတ်လိုက်သဖြင့် ထက်ဝက်ကျော် ပင်လယ်အတွင်းတွင် နှစ်မြုပ်သေဆုံးသွားနိုင်ဖွယ်ရှိသည်ဟု ရိုဟင်ဂျာ လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ကပြောသွားသည်။ ထိုင်းနိုင်ငံသည် နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေး ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။