နမ့်ခမ်းမြို့၌ သတ္တုကျောက် တင်ကား တစ်စီး ဗုံးခွဲ ဖျက်ဆီး ခံရ

နမ့်ခမ်းမြို့၌ သတ္တုကျောက် တင်ကား တစ်စီး ဗုံးခွဲ ဖျက်ဆီး ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက်အတွင်း  သတ္တု ကျောက်တင်ကား တစ်စီး မတ်လ ၁၀ ရက်နေ့ ည ရ နာရီ မိနစ် ၂၀ခန့်က ဗုံးခွဲဖျက်ဆီးခံခဲ့ရကြောင်း နမ့်ခမ်းမြို့ဒေသခံ  စိုင်းယီက ပြောသည်။

“ကားရဲ့ စက်ခေါင်းအောက်ပိုင်းမှာ ဗုံးခွဲခံရပြီး ကားအင်ဂျင်ပိုင်း တစ်ချို့ပျက်စီးတယ်၊ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး၊ ကားပိုင်ရှင်က  အောင်မေတ္တာရပ်ကွက်က စိုင်းပီးပါ။ သူ့အိမ်ရှေ့မှာပဲ သူ့ကား ဗုံးခွဲခံရတာ။ ဗုံးက ပြင်းတယ်တဲ့။   မြေကြီးတောင် တုန်သွားတယ်ပြောတယ်၊ ဗုံးပေါက်ကွဲပြီးတော့  မြို့ထဲမှာချက်ချင်း တိတ်ဆိတ်သွားပါတယ်။ လူသွား လူလာမရှိသလောက်ပဲ ” ဟု ၄င်းကပြောသည်။

Numkham

ဗုံးခွဲခံရသောကားမှာ ဆီလီကွန် သတ္တုကျောက်တင်ဆောင်ထားသော ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏  တရုတ်လုပ်   ၆ ဘီးကား ဖြစ်ကြောင်း နမ့်ခမ်းမြို့ဒေသခံ  စိုင်းယီက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၂၆ရက်က ဒေသခံပြည်သူလူထု စုပေါင်းပြီး သတ္တုကျောက်တင်ကားများကို တားဆီးခဲ့ရာတွင် ယခုဗုံးခွဲခံရသောကားလည်း ပါ၀င်ကြောင်း၊ မည်သည့် အဖွဲ့က လာရောက်ပြီး ဗုံးခွဲသည်ကို မသိရသေးကြောင်း အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဗုံးကတော့ တောင်ဖြိုတဲ့ မိုင်းပဲ၊ ပြီးခဲ့တဲ့နှစ် မြို့နယ်အုပ်ချုပ်ရေးအထောက်အကူပြု အဖွဲ့ဝင်၊ SNLD ကျားခေါင်းပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း နေအိမ်မှာ ပေါက်တဲ့ ဗုံးအမျိုးအစားနဲ့ အတူတူပဲဖြစ်တယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

နမ့်ခမ်းမြို့တွင် မကြာခဏ ဗုံးများပေါက်ကွဲလေ့ရှိပြီး သို့သော် ဗုံးခွဲတရားခံကို အာဏာပိုင်ဘက်မှ တစ်ကြိမ်တစ်ခါမျှ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week