ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပြန် RCSS/SSA အား ရဲတပ်ဖွဲ့မှ တားဆီး စစ်ဆေး

ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပြန် RCSS/SSA အား ရဲတပ်ဖွဲ့မှ တားဆီး စစ်ဆေး
by -
သျှမ်းသံတော်ဆင့်

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး ဖြစ်စဉ် အလုပ်ရုံ ဆွေးနွေးပွဲမှအပြန် ရန်ကုန် - မန္တလေး၊ နေပြည်တော် အမြန်လမ်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဝင်များ စီးနှင်းလိုက်ပါလာသော ယာဉ်(၅)စီး၏ ကားလိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို နေပြည်တော် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိသူက တစ်နာရီကျော်ကြာ တားဆီးစစ်ဆေးခဲ့ကြောင်း ယင်းခရီးစဉ်တွင်လိုက်ပါသော RCSS အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ NCA (တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်)ကို သွားဖို့ ဘားအံမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုသွားတာ။သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်း အသိပေး အကြောင်း ကြားပြီးမှသွားတာ။ နေပြည်တော်ရဲတပ်ဖွဲ့က တစ်နာရီကျော်ကြာခေါ်စစ်တာ။ ဒါ မဖြစ်သင့်ပါဘူး။ အထက်ကလူကြီးတွေ လုပ်ဆောင်ချက်ကို အောက်ခြေက မသိဘူးဆိုတဲ့ သဘောဖြစ်နေတယ်” ဟု သူက ပြောသည်။

003- Police stop RCSS

ယင်းငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရန် RCSS မှ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ စရဖ နှင့်သက်ဆိုင်ရာ ဌာနအသီးသီးထံ အကြောင်းကြားထားသော်လည်း ယခုကဲ့သို့ မလိုလားအပ်ဘဲ စစ်ဆေး မေးမြန်းလာခြင်း တို့သည် ခရီးစဉ်နှောင့်နှေးခြင်း၊ ယုံကြည်မှုတည်ဆောက်ရာတွင် မလိုလားအပ်သော  ပြဿနာများ ဖြစ် လာနိုင်ခြင်းတို့၏ အကြောင်းရင်းများဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၁ရက်နေ့အထိ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး RCSS/SSA ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  စသည့် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့သည်။  RCSSမှလည်း ၂၄ဦးတက်ရောက်ခဲ့သည်ဟု သိရသည်။

005- Police stop RCSS

ဖေဖော်ဝါရီ  ၂၈ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင် RCSSမှ လူငယ်စွမ်းရည်မြင့်သင်တန်း ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့အခြေစိုက် ခလရ ၂၄၈က ၀င်ရောက် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ တစ်ဦးဒဏ်ရာရရှိကာ RCSS ဘက်မှ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။