သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ဆိုင်းခေါင်ကျေးရွာအနီး လွယ်ကြူလောက် တောင်ခြေ၌ ဖေဖေါ်ဝါရီလ၊ ၁၈ရက် ညနေ ၄နာရီအချိန်က ဗုံးတစ်လုံးပေါက်ကွဲပြီး ကင်းလှည့်နေသော တပ်မ(၈၈)မှ စစ်သားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ဆိုသည်။
ယခုပေါက်ကွဲမှုမှ အစိုးရစစ်တပ်မှ (၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုင်းခေါင်ကျေးရွာဒေသခံ ပါ့နန်းပီးက ဆိုသည်။
“ပေါက်ကွဲမှုက တော်တော်ပြင်းတယ်၊ မြေကြီးတောင် တုန်သွားတယ်၊ ပေါက်ပေါက်ပြီးချင်း ဗမာစစ်သားတွေက နာရီဝက်လောက် တောင်ပေါ်နဲ့လယ်ကွင်းထဲကို သေနတ်နဲ့ ရမ်းပစ်ကြတယ်၊ ပေါက်ကွဲမှုအပြီး ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားနှစ်ယောက်ကို မူစယ်ဆေးရုံကို သယ်သွားတာတွေ့ရတယ်” ဟု ၄င်းက ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုအပြီး စယ်လန့်ကျေးရွာ တံငါသည် နှစ်ဦးနှင့် လွယ်ကြူလောက် တောင်ခြေ၌ အလုပ်လုပ်နေသော လူသုံးဦးတို့ကို အစိုးရစစ်တပ်ကဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်း အမည်မဖော်လိုသည့် စယ်လန့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သောသူတစ်ဦးက ဆိုသည်။
“ဗုံးပေါက်တဲ့ ချောင်းနားမှာ စယ်လန့်ရွာသား နှစ်ဦးက ဘက်ထရီနဲ့ ငါး(short) တိုက်နေတာလေ။ ဗမာစကားလည်း မပြောတတ်တော့ သေနတ်ဒင်နဲ့ ထုခံရတာလေ၊ ဒဏ်ရာတော့ သိပ်ပြင်းပြင်းထန်ထန်မရဘူး၊ သူတို့ ကျေးရွာအုပ်ချုပ်ရေးမှူးက မြန်မြန်ရောက်လာလို့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။
ယခု ဗုံးပေါက်နေသော ဒေသမှာ အစိုးရတပ်မ(၈၈)၊ ဌာနေ ပြည်သူ့စစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်များ လှုပ်ရှားရာ နေရာများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
၄င်းအနီးတဝိုက်၌ စက်တင်ဘာလ ၁၁ရက်နေ့ ၂၀၁၄ခုနှစ်က မူဆယ် သျှမ်းနှစ်သစ်ကူး ပွဲတော်နေ့တွင် ပထမအကြိမ် ပေါက်ကွဲပြီးနောက် ယခု ပေါက်ကွဲသည် ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပါသည်။ ထိုပထမအကြိမ် ပေါက်ကွဲမှုတွင် အစိုးရစစ်တပ် ယာဉ်တန်းပေါ်မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။