သျှမ်းပြည်နယ် တောင်ပိုင်း လဲချား မြို့နယ်တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ် မတော်မှ မူးယစ်ဆေးဝါး ရှင်းလင်းရေး အဖွဲ့နှင့် ဌာနေ ပြည်သူ့စစ်တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါး ခဲ့ကြောင်း သတင်းရရှိသည်။
ဂျန္နဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းက RCSS/SSA ၏ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လဲချားမြို့နယ် တတ်မောက်အုပ်စု နောင်လုမ် ရွာဘက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများအား ရှင်းလင်းရန်အသွား တပ်မဟာ ရ၅၈ ဌာနပြည်သူ့စစ်တပ်ဖွဲ့၊ လဲချားအခြေစိုက် အစိုးရတပ်မတော်တို့နှင့် တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်ကြောင်း လဲချားမြို့မှ ဒေသခံများကပြောသည်။
အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံလူငယ် စိုင်းလ က“RCSS က ဆေးစွဲသူ ရောင်းဝယ်သူတွေကို လိုက်ဖမ်းနေတုန်း ရ၅၈ ပြည်သူ့စစ်နဲ့တိုးတော့ တိုက်ပွဲဖြစ်တယ်။ ဟိုးဘက်က စစ်ကူတောင်းလို့ ထင်တယ် လဲချားဗျူဟာက စစ်ကူ စစ်ကြာင်း ၂ ကြောင်းပို့လိုက်တယ်။ ၂၁ ရက်နေ့မှာ ဟိုလုံး ၊ တတ်မောက်၊ နောင်လုမ် ဘက်မှာ ဆက်တိုက် တိုက်ပွဲဖြစ်တယ်။ အစိုးရဘက်က ၅ ယောက်ကျတယ်ပြောတယ်” ဟု သျှမ်းသံတော်ဆင့် အားပြောသည်။
အဆိုပါ ကျရှုံးစစ်သား ၅ ဦးမှာ ဌာနေပြည်သူ့စစ်များဖြစ်ကြောင်းလည်း လဲချားမြို့ရောက်စစ်ပြေးတချို့ ကပြောဆိုသည်။ RCSS ထံမှအတည်ပြုချက်မရသေးသည့်သတင်းအရ RCSS ဘက်မှလည်း ရဲဘော်တစ်ဦးကျကြောင်း ပြောသည်။
“၂၃ ရက်နေ့မှာ စစ်ကူစစ်ကြောင်းတွေကို ဗျူဟာကပြန်ခေါ်တယ်တဲ့။ သူတို့အချင်းချင်းချပါစေလို့ ပြောတယ်တဲ့။ ကျတဲ့လူတွေဟာ တပ်မတော်ဘက်ကတကယ်ဖြစ်ခဲ့ရင်တော့ သူတို့လွယ်လွယ်နဲ့တပ် ဆုတ်ပေးမှာ မဟုတ်ဘူးလို့ထင်တာဘဲ” ဟု အဆိုပါလူငယ်ကဆက်ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် လဲချားသို့ တိမ်းရှောင်ကြသော အုပ်စုသားတချို့ရှိကြောင်း၊ ၎င်းတို့အား သျှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ လဲချားလွှတ်တော်အမတ် စိုင်းကျော်ဇေယျက သွားရောက် တွေ့ ဆုံခဲ့သေးကြောင်း ဆိုသည်။
“တိုက်ပွဲဖြစ်တိုင်းထွက်ပြေးမယ်ဆိုရင်တော့ ကိုယ့်မြို့ကိုယ့်ရွာမှာ သူများတွေလာနေကုန်မှာပေါ့။ သင်ခန်းစာတွေလဲအများကြီးတွေ့ခဲ့ရပြီဘဲ။ ဒါကြောင့် မကြောက်မလန့်ကြဖို့။ နေရပ်ကနေမထွက်ပြေးဖို့ သွားအားပေးခဲ့တယ်” ဟု စိုင်းကျော်ဇေယျကပြောကြောင်း ကျားခေါင်း ပါတီဝင်လူငယ်တစ်ဦးက ပြောသည်။
တတ်မောက်အုပ်စုသည် လဲချားမြို့နယ်ဟ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး တတ်မောက်ရွာ ကွန်ဟုန်းရွာနှင့် နောင်လုမ်ရွာတို့သည် တတ်မောက်အုပ်စုဝင်များဖြစ်သည်။ အဆိုပါဒေသတွင် မြန်မာ့ တပ်မတော်အပြင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တပ်မဟာ ရ၅၈ အသွင်ပြောင်း ဌာနေပြည်သူ့စစ်တို့ လှုပ်ရှားလျှက်ရှိသည်။