သိမ်းဆည်းမြေများပြန်ပေးရန် PNO/ PNA အား ပအိုဝ်း တောင်သူများ ဆန္ဒပြ တောင်းဆို

သိမ်းဆည်းမြေများပြန်ပေးရန် PNO/ PNA အား ပအိုဝ်း တောင်သူများ ဆန္ဒပြ တောင်းဆို
by -
သျှမ်းသံတော်ဆင့်

ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းဌာနေ ပြည်သူ့စစ် (PNA) တို့မှ သိမ်းဆည်း ထားသော လယ်ယာမြေများ ပြန်လည် ပေးအပ်ရန် ပအိုဝ်း တောင်သူ လယ်သမားများက   တောင်ကြီး မြို့၌ ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ရပ်စောက် စသည့် မြို့နယ်(၅)မြို့နယ်မှ  သရက်ပင်၊ ဆိုက်ခေါင်၊ ကွန်လုံ၊ ခိုနား၊ နောင်ကား၊ ဖက်ကွန်၊ ညိုမီး၊ မောက်စံ၊ ထီဗွာ၊ ဆတ်သေ၊ ဘုရားနီ၊ ကျောက်နီ၊ ပင်ဖြစ် ၊ ပါနွေး၊ ကနိုင်ခြား၊ ဘုရားဖြူ၊ ဟိုပုံး စသည့်ကျေးရွာအုပ်စုတို့မှ မြေသိမ်းခံပအိုဝ်းတောင်သူလယ် သမား လေးရာ ကျော် က ဂျန္နဝါရီလ ၈ ရက်နေ့က တောင်ကြီးမြို့လယ်တွင်စီတန်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

001- PO

 “မြေလုယူရောင်းစားမှု ချက်ချင်ရပ်၊ မြေသိမ်း (PNO/PNA) အလိုမရှိ၊ တို့ရဲ့မြေယာတို့ပိုင်ရ မည်၊ ပြည်သူ့ ဆန္ဒ အောင်ရမည်” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဗိုလ်ချုပ်ပန်းခြံမှ အောင်မြေဘုံသာကျောင်းအထိ စီတန်းကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

မောက်စံကျေးရွာအုပ်စုမှ ဦးကျော်က “မင်းတို့မြေတွေ PNO လူကြီးတွေကိုလှူလိုက်၊  လူကြီးတွေ  မျက်နှာပျက်အောင် မလုပ်နဲ့လို့  PNO ကလာပြောတယ် ။ ကျနော့်မြေက ဧက (၂၀) အသိမ်းခံရတဲ့အထဲပါ သွားတယ် ဘယ်လိုမှ သည်းမခံနိုင်ဘူး” ဟု ပြောသည်။

နောင်ကားကျေးရွာမှ နန်းမေစိုးဦး ကလည်း “ ပအိုဝ်းအချင်းချင်းဘာလို့ ဆန္ဒပြရလည်း ဆိုတော့  ပအိုဝ်းအချင်းချင်း ဘာလို့ပြည်သူလူထုအပေါ်မတရားလုပ်တာလဲ မေးစရာပေါ့ ။ ဒါကြောင့် ကျမတို့ကို သနားငဲ့ညာသောအားဖြင့် ကျမတို့မြေတွေကို ပြန်ပေးပါလို့တောင်းဆို ချင်ပါတယ်။  အကုန်ပြန်မပေးရင်တောင်မှ သုံးပုံတစ်ပုံလောက်ပြန်ပေးရင်ဘဲ ကျမတို့ ကျေနပ်ပါပြီ။ အခုက  ပြည်နယ်အစိုးရ ဆီ စာအကြိမ်ကြမ် ရေးသားတင်ပြလည်း ဘာမှမလုပ်ပေးနိုင်ဘူးလေ။ ဒါကြောင့် ဆန္ဒပြရတာပါ” ဟု ပြောသည်။

တောင်ကြီးခရိုင် NLD ပါတီ ဥက္ကဌ ဦးတင်မောင်တိုးကမူ ဆန္ဒပြသူများအား ကူညီရခြင်းအကြောင်းရင်းကို ယခုကဲ့သို့ပြောပြသည်။

 “ကျနော်တို့က ဒီဆန္ဒပြပွဲကိုဦးဆောင်တာမဟုတ်ဘူး။ ပအိုဝ်းမှမဟုတ်ဘူး သျှမ်းပြည်နယ်မှာနေထိုင်တဲ့ ဘယ်တိုင်းရင်းသား မဆို ဥပဒေကြောင်းအရ အကူအညီတောင်းလာရင် ကျတော်တို့ကူညီပိုင်ခွင့်ရှိတယ်။ လူထုရှေ့မှာ ရပ်တည်ပိုင်ခွင့် လည်းရှိတယ်။ ဒီတောင်သူတွေ ဥပဒေလမ်းကြောင်းအရ ဆန္ဒပြတာကို ကူညီပေးတယ် ” ဟု  ရှင်းပြသည်။

မြေယာသိမ်းဆည်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ (၂၀၁၄-၁၅) ခုနှစ်အတွင်း တောင်ကြီးမြို့ပေါ်တွင် ဒေသခံ တိုင်းရင်းသားလူထုတို့   ဆန္ဒထုတ်ဖော်ခဲ့သည်မှာ သုံးကြိမ်ရှိပြီဖြစ်သည်။

သျှမ်းပြည်နယ် တောင်ကြီးခရိုင်၊ တာချီလိတ်ခရိုင် နှင့် ကျောက်မဲခရိုင်တို့တွင် မြေယာကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအနေနှင့် အမှုတွဲပေါင်း တစ်ထောင် ကျော် ဖြေရှင်းနေရပြီး  နေ့စဉ်မြေယာပြဿနာရှိနေကြောင်း သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဒီဇင်ဘာ(၂၄) ရက်နေ့က ပြောကြားခဲ့ဖူးသည်။

ပအိုဝ်းတောင်သူများ၏ သိမ်းဆည်းခံမြေယာများပြန်လည်ရရှိရေးအတွက်  (PNO/PNA) အပေါ်ဆန္ဒပြထုတ် ဖော်မှုနှင့်ပတ် သက်၍ ဗိုလ်မှူးကြီးခွန်လာ (PNA ဌာနပြည်သူ့စစ်) က ပတ်ဝန်းကျင်  လိုအပ် ချက်အရ ဖွံ့ဖြိုးရေးအတွက်  သိမ်းယူထားခြင်းဖြစ်ကြောင်း၊ PNO/PNA အတွက်မဟုတ်ကြောင်းပြောဆိုသည်။