သျှမ်းမြောက်၌ အစိုးရစစ်တပ် နှင့် ပြည်ထောင်စု တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်

သျှမ်းမြောက်၌ အစိုးရစစ်တပ် နှင့် ပြည်ထောင်စု တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် အတွင်း နှင့် မန်တုံ မြို့နယ် အတွင်း ယခု လဆန်း အတွင်း အစိုးရ စစ်တပ်နှင့် ပြည်ထောင်စု တပ်မတော်တို့အကြားတိုက်ပွဲ အပြင်းအထန် ပြန်လည် ဖြစ်ပွါး လာနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်ကတိုက်ပွဲနှစ်ကြိမ်၊ ၁၃ ရက်နေ့က တကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊ အစိုးရတပ်ဘက်မှ တပ်မ ၅၅ နှင့်တပ်မ ၁၁ တို့ဖြစ်ကြကြောင်းနှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)  သတင်း ပြန်ကြားရေးဌာနမှူး မိုင်းအိုက်ကျော်ကဆိုသည်။

“အဲဒီ၁၀ ရက်နေ့တိုက်ပွဲကတော့ ကွတ်ခိုင်မြို့နယ် တာမိုးညဲဘက်က ဆိုင်းခေါင်ရွာ နဲ့ ဟိုပုံရွာနားမှာဖြစ်တယ်။ မနက် ၅ နာရီ ကနေ ညနေ ၅း၃၀ နာရီအထိ တိုက်ပွဲကပြင်းထန်တယ်၊ အစိုးရစစ်တပ်ဘက်က တပ်ခွဲမှူးတစ်ဦးရယ် ဒုစစ် ကြောင်းမှူးတစ်ဦးရယ် တပ်သားက ၁၂ ယောက်လောက်ကျဆုံးပြီး အယောက် ၂၀ ထက်မနဲ ထိခိုက်ဒဏ်ရာ ရကြတယ် လို့ ကျနော်တို့ဘက်က သတင်းရထားတယ် ”

အဆိုပါ ၁၀ ရက်နေ့ကလည်း မန်တုံမြို့နယ် နမ့်ပါချောင်းရွာတွင်လည်း အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုက် ပွဲဖြစ်ပွားခဲ့သည်။ သို့သော်  နှစ်ဦးနှစ်ဘက် ထိခိုက်ဒဏ်ရာရရှိမှုသတင်းကိုတော့  မကြားသိရသေးကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ပြည်ထောင်စုတပ်မတော် နှင့် အစိုးရစစ်တပ်တို့ သိန်းနီမြို့နယ် နမ့်ဇလပ် ရွာနှင့် နမ့်တီးရွာအကြား မနက် ၁၁ နာရီမှနေ့လည် ၁၂ နာရီအထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်း လွတ်မြောက်  ရေးတပ်မတော် (TNLA) အရာရှိတစ်ဦး ကဆိုသည်။

“ ၁၀ ရက်နေ့တိုက်ပွဲကတော့ အစိုးရဘက်ကစစ်အင်အား  ၄၀၀ နဲ့ ၅၀၀ ကြားမှာ အသုံးပြုထား တယ်လို့ သိရ တယ်၊ တိုက်ပွဲက တောတွင်းမှာပဲဖြစ်တယ်ဆိုတော့ စစ်ဘေးရှောင်သူများ မရှိကြပါဘူး” ဟု  ၄င်းကပြော သည်။

၂၀၁၄ ခု ဒီဇင်ဘာလအတွင်း၌ သျှမ်း/မြောက်တွင် အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော ပြည်ထောင်စု တပ်မ တော် FUA တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကချင်လွတ် မြောက်ရေးတပ်မတော်  KIA နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA (သို့ ) ကိုးကန့်တပ်ဖွဲ့ တို့ ပါဝင်ကြောင်း ဒေသခံ များထံမှသိရသည်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကချင်တပ်မတော်  KIA  ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း ပါ၀င်သော ပြည်ထောင်စုတပ်မတော် FUA ကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC  မှ  တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း ၁၁ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည်။