စည်းလုံး ညီညွတ်ဖို့ သျှမ်း အကြီးအကဲများ တိုက်တွန်း

စည်းလုံး ညီညွတ်ဖို့ သျှမ်း အကြီးအကဲများ တိုက်တွန်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ သိန္နီ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း နန်းသစ် တက်ခြင်း နှစ်တရာ ပြည့် ပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်ကျင်းကသည့်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ သျှမ်းပြည်သား များ စည်း လုံးညီညွတ်ရေးအတွက် တက်ရောက် အားပေးသည့် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အတူ အထင်ကရ ပုဂ္ဂိုလ်များက တိုက်တွန်း သွားခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်နေ့က ပွဲတော်ဖွင့်ပွဲတွင်  နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သျှမ်းပြည်နယ် ၀န်ကြီး ချုပ် ဦးစဝ်အောင်မြတ်ကပွဲဖွင့်လှစ်ပေးပြီးနောက် သမိုင်းပညာရှင် ဆရာစိုင်းအောင်ထွန်းက သျှမ်းစာပေပျံ့နှံ့မှုအကြောင်း ဟောပြောခဲ့သည်။

SHYH

ပွဲအစီအစဉ်အရ ၂၅ ရက်နေ့တွင် ရွှေလီမြို့ ဟော်ခမ်းမိုင်းမောဝ်ကျောင်းတိုက် ဆရာတော်ဝိသုတိဉာဏ (စဝ်တင်းတိုင်း)က ယနေ့ခေတ် သျှမ်းတို့၏လုပ်ငန်းတာဝန်အကြောင်း၊ ဆရာစိုင်းအောင်ထွန်းက ဟောပြော ခဲ့သည်။

နိုဝင်ဘာ၂၆ ရက်တွင် ဆရာစိုင်းဆန်အိုက်က ကြာကြာမအိပ်နှင့်ဟူသည့်အကြောင်း၊ ဒေါက်တာ စိုင်းခမ်းလိတ်ကလည်း သိန္နီမြို့ဖွံ့ဖြိုးရေးအကြောင်း၊ ၂၇ ရက်နေ့တွင် ဆရာစိုင်းဆာက ရှမ်းစာပေ သမိုင်းနှင့် သိန္နီမြို့သမိုင်း တို့အသီးသီး ဟောပြောသွားမည်ဖြစ်သည်။   

“နေရာဒေသအသီးသီးမှာနေထိုင်တဲ့ ရှမ်းလူမျိုးတွေစည်းလုံးဖို့လိုပါတယ်။ စည်းလုံးညီညွတ်တယ်ဆို တာသူများ ကို သွားဖျက်ဆီးဖို့မဟုတ်။ ကိုယ့်အပေါ်ကျူးကျော်အနိုင်ကျင့်လာသူတွေကို ကာကွယ်ဖို့ အတွက် ဖြစ်တယ်။   စည်းလုံးညီညွတ်တယ်ဆိုတာ တယောက်တည်းအားနဲ့လုပ်လို့မရပါဘူး။ လူတိုင်း မှာ တာဝန်ရှိပါတယ်။” ဟု နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုသည်။

၂၆ ရက်နေ့တွင်ဆရာ ဒေါက်တာစိုင်းခမ်းလိတ်က သိန္နီမြို့လက်ရှိအခြေအနေအကြောင်း ဟောပြောရာ တွင်လည်း စည်းလုံးညီညွတ်ကြဖို့တိုက်တွန်းပြောဆိုခဲ့သည်။

“လောကကြီးထဲရောက်လာတာဟာ အရာရာကို  ရင်ဆိုင်ဖို့အတွက်ပါ။ သူတပါးဟာ ကိုယ့်ရဲ့ ဆရာပါ။  ကျနော် တို့ကို ဦးဆောင်ဦးရွက်မယ့် ဆရာကောင်းလိုအပ်ပါတယ်။  တဖက်ကလည်း စည်းလုံးညီညွတ်ရေးဟာ အရေး ကြီးပါတယ်။ ကျနော်ပြောချင်တာက ပွဲလမ်းသဘင်ရှိမှ စည်းလုံးတာ ခဏတဖြုတ် တွေ့တုန်း ညီညွတ်တာ ကိုတော့ မဖြစ်ကောင်းဘူး။ အမြဲတမ်းလက်တွဲစည်းလုံးဖို့လိုအပ်ပါတယ်။” ဟု ပြောသည်။

ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏သား စဝ်ဟန်ယောင်ဟွေ က လည်း တိုင်းရင်းသားလူထုအား ဒီမို ကရေစီဖော်ဆောင်ရာတွင် ပါ၀င်စေချင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်အောင်ကြိုးစားကြမည်ဖြစ်ရာ နိုင်ငံရေးပါတီများကြောင့်ပြိုကွဲမှု မဖြစ်စေလို ကြောင်းပြောဆိုသည်။

“ ပြဿနာရှိရင် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ပါ။ ဒီမိုကရေစီဖော်ဆောင်မယ်ဆိုရင် စည်းလုံးညီညွတ် ဖို့လိုတယ်။ ဥပမာဒီပွဲ ကျင်းပသလိုပေါ့။ ပြည်သူလူထု မစည်းလုံးရင်ပွဲ ဖြစ်မှာမဟုတ်ပါဘူး။” ဟု ပြောသည်။

သိန္နီမြို့ပွဲတော်ကို နိုဝင်ဘာလကုန်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလတလျှောက် ရိုးရာအကအလှ များ ဖြင့်ကပြဖျော်ဖြေခြင်း၊ ခေတ်သစ်ခေတ်ဟောင်းတေးဂီတများဖြင့်ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။  မြို့နယ်အသီးသီးမှ စာပေယဉ်ကျေးမှုအဖွဲ့မှလည်း အကအလှများဖြင့် ၀င်ရောက် ကပြခဲ့ကြောင်းသိရသည်။

သိန္နီစော်ဘွား ခွန်ဆန်တုန်ဟုန်းသည် ၁၉၁၄ တွင် နန်းသစ်ဆောက်ပြီးစီးပြီး နန်းသစ်တက်အထိမ်း အမှတ်ပွဲနှင့် အတူ မဟာမြတ်မုနိဘုရား စံကျောင်းတော်အားလည်း ထိုနှစ်တွင်ပင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။

ထိုသို့နန်းသစ်တွင်စံမြန်းပြီး ၃ နှစ်ခန့်အကြာ နတ်ရွာစံခဲ့လေသည်။  ယခုနှစ်  ၂၀၁၄ တွင် နန်းသစ် တက်ခြင်း နှစ် ၁၀၀ ပြည့်ပွဲနှင့်အတူ မဟာမြတ်မုနိဘုရားနှစ် ၁၀၀ ပြည့်ပွဲ ပူးတွဲကျင်းပရခြင်းဖြစ် ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီများကပြောဆိုသည်။