အိုဘားမား နေပြည်တော် ရောက်ခိုက် သျှမ်းမြောက်တွင် ဗုံးပေါက်

အိုဘားမား နေပြည်တော် ရောက်ခိုက် သျှမ်းမြောက်တွင် ဗုံးပေါက်
by -
သျှမ်းသံတော်ဆင့်

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် သျှမ်းပြည်နယ် မြောက် ပိုင်း နမ့်ခမ်း မြို့နယ် အတွင်း နိုဝင်ဘာ ၁၃ ရက်နေ့ ညတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲ ခဲ့သောကြောင့် ဒေသခံများ စိုးရိမ် ထိတ်လန့် ကြသည်ဟု ဒေသခံ များက ပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းတွင် အစိုးရ တပ်မတော် စစ်ကြောင်း စစ်ကားကြီး ၈ စီး စစ်သည်အင်အား ၃၀၀ ကျော် က မူစယ်၊ နမ့်ခမ်းမြို့နယ်အတွင်း သွားလာလှုပ်ရှားကြောင်း၊ ညနေပိုင်းတွင်မူ နမ့်ခမ်းမြို့အထွက် ဟိုနမ့်အသွားလမ်းတွင် ည ၈ နာရီ ခွဲလောက်တစ်ကြိမ်၊ ည ၉ နာရီကျော်အချိန်တွင် ကတ်မိန်းခမ်း အနီးတို့တွင် ဗုံးများပေါက်ခဲ့သည်ဟု ရပ်မိရပ်ဖ လုံးစိုင်းညွှန့်က ပြောသည်။

bomb in S-Shan State

“ကျနော်ထင်တာကလေ သမ္မတ အိုဘားမားမြန်မာနိုင်ငံကိုလာတဲ့အချိန် မှာ ဗုံးက ထပေါက် တယ်။ လူထုက သတင်းစောင့်ကြည့်ချင်တယ်။ နားထောင်ချင်တယ်။ ဗုံးထပေါက်တော့ အိမ်တိုင်းက မီးငြိမ်းအိပ်။ အဲဒီလို ဖြစ်စေချင်လို့ လူထုမျက်စိ နားတွေကိုပိတ်ချင်လို့ ကြံဖန် လုပ်တာပဲဖြစ်နိုင်တယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျနော်တို့လဲ မပြောလိုဘူး” ဟု သူ့ အမြင်ကို သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဒုတိယ အကြိမ် ဗုံးပေါက်ကွဲရာနေရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူများ နေထိုင်သုံးစွဲသည့် နေရာဖြစ်ကြောင်း၊ မူးယစ်ဆေး မှီဝဲသုံးစွဲသူများအား မောင်းထုတ်ရန် ရဲတပ်ဖွဲ့မှ ဖေါက်ခွဲ ခြင်း ဖြစ်ကြောင်း၊ အမည်မဖေါ်လို သည့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခြင်း၊ ပျက်စီး ဆုံးရှုံးခြင်း တစုံတရာမရှိဘူးဟု လည်း ၎င်းကပြော သည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သည် နယ်စပ်ဒေသဖြစ်သည့်အားလျော်စွာ ဒုစရိုက် သမားများ၊ တတိယ လက်သည်အုပ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပြင် မကွေးတိုင်းမှ လာသည့် အစိုးရ တပ်မတော် တပ်မ ၈၈ နှင့် ရန်ကုန် လှည်းကူးအခြေစိုက် တပ်မ ၁၁ တို့လည်း အခြေချ နေထိုင်လှုပ်ရှားသည်။