သူပုန်ကို ထောက်ပံ့သည်ဟု ရွာသား များအား ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူးကို စစ်ဗျူဟာရုံးသို့ ခေါ်စစ်

သူပုန်ကို ထောက်ပံ့သည်ဟု ရွာသား များအား ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူးကို စစ်ဗျူဟာရုံးသို့ ခေါ်စစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မိုးမိတ် ခရိုင် မိုးမိတ် မြို့နယ် လောက်လုံ ကျေးရွာအုပ်စု  အုပ်ချုပ် ရေးမှူးအား အခြေချ စစ်ဗျူဟာ က ခေါ်ယူ စစ်ဆေး သကဲ့သို့  ရွာသားတချို့ အားလည်း သူပုန် ထောက်ပံ့ သည်ဟုဆိုကာ ဖမ်းဆီး သွားရာ မည်သူနှင့်မျှ တွေ့ဆုံခွင့် မပေးကြောင်း ရွာသားများက ပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗျူဟာတပ်အတွင်း ချုပ်နှောင်ခံထားရသည့် လောက်လုံရွာသား စိုင်းကျော်လှ အား မိသားစုများ သွားရောက်တွေ့ဆုံသော်လည်း တွေ့ဆုံခွင့်မပေးသေးဟုဆိုသည်။

BurmeseSoldiers

အာက်တိုဘာ ၂၈ ရက်နေ့က မိုးမိတ်မြို့ အခြေချ စစ်ဗျူဟာ လက်အောက်ခံ ခလရ ၂၇၆၊ ၂၂၃ ပူးပေါင်း အင်အား ၄၀ ခန့်က အရပ်ဝတ်ဖြင့် လောက်လုံရွာအတွင်း ရောက်ရှိလာသည်ဟု သိရသည်။ တချိန်တည်းမှာပင် စစ်ဝတ်စုံဝတ် လက်နက်အပြည့်ဖြင့် စစ်အင်အား ၃၀ ခန့်ကလည်း ရွာအပြင်ဘက်ကဝန်းရံထားပြီး  ရွာသား များအား သူပုန်ထောက်ပံ့ မှုဟုဆိုကာ လမ်းသွားလမ်းလာများအား ဖမ်းဆီးပြီးနေအိမ်တစ်အိမ်အတွင်း တစ်နေကုန်ချုပ် နှောင်ထားသည်ဟုဆိုသည်။

“သူပုန်တွေကို ထောက်ပံ့တယ်တဲ့ဗျာ။ သေနတ်ကိုင်ပြီး ရွာထဲဝင်လာရင် မလာနဲ့လို့ ပြောရမှာလား။ မဝင်စေချင် ရပ်ရွာ ကို ဒုက္ခမပေးဘဲ ၂၄ နာရီ ကင်းလာစောင့်ပေးပါလား။ သူတို့ပြောတဲ့သူပုန်ထက် အဲဒီတပ်မတော်က ပိုကြောက်ဖို့ ကောင်းနေတယ်” ဟု အမည်မဖေါ်လိုသည့် ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

လောက်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းမြတ်ထွန်းကိုပါ ဗျူဟာရုံးသို့ ခေါ်ယူစစ်ဆေးထားသည်ဟုလည်း ဆိုသည်။ ထိုသို့ ဖမ်းဆီးထားသည့် ရွာသားစိုင်းကျော်လှ အား မိသားစုနှင့်တွေ့ဆုံခွင့်မပေးခြင်း၊ အင်အားသုံး၍ လောက်လုံ ရွာအား တရက်ကျော် ဝိုင်းရံပြီး ရွာသားများအား စစ်ဆေးခြင်း၊ သူပုန်၏အဆက်ဟု စွပ်စွဲခံရသည့် နေအိမ်များအားရှာ ဖွေစစ်ဆေးခြင်းပြုလုပ်ခဲ့သော်လည်း ဥပဒေနှင့်ဆန့်ကျင်သည့်အရာ တစုံတရာမျှမတွေ့ရှိဟု ရွာသားများကပြောသည်။

လောက်လုံကျေးရွာအုပ်စုသည် မိုးမိတ်မြို့တောင်ဘက် နှစ်မိုင်ခန့်သာကွာဝေးသည်။